Skip to main content

ပြည်တွင်း၌ ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံပိုင်စက်ရုံများ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နေသည့် စက်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တိုက်တွန်းမှာကြား

နေပြည်တော် ဇူလိုင် ၂၉

ပြည်တွင်း၌ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံပိုင်စက်ရုံများ၊ အစိုးရ-ပုဂ္ဂလိက (Public - Private Partnership - PPP) ပူးပေါင်းဆောင်ရွက်နေသည့် စက်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံမှူးများနှင့် တာဝန်ရှိသူများအားတွေ့ဆုံစဉ် တိုက်တွန်းမှာကြားခဲ့သည်။

ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပုဂ္ဂလိကလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ရောင်းဝယ်ဖောက်ကားမှု မျှခြေဖြစ်အောင် ဆောင်ရွက်ပေးရန်၊ ဈေးကွက်သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ လိုအပ်သော ကုန်ကြမ်းများ၊ စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်းထားရှိရန်၊ ပုဂ္ဂလိကမှ ကုန်ထုတ်လုပ်မှု ဆောင်ရွက်သည့်လုပ်ငန်းများ၏လိုအပ်ချက်များကို ထိရောက်စွာကူညီဖြည့်ဆည်းနိုင်ရေးအတွက် စက်ရုံအရောက် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးရန်လည်း မှာကြားခဲ့သည်။

ကြည့်ရှုစစ်ဆေး

ယနေ့နံနက်ပိုင်းတွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဝန်ကြီးဌာနက Win & Win Co., Ltd. သို့ ငှားရမ်းထားရှိသည့် စက်ဘီးစက်ရုံ (ရန်ကုန်) နှင့် အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ) တို့မှ တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံဆွေးနွေးပြီး စက်ရုံများအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်