နေပြည်တော် စက်တင်ဘာ ၂၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီကလောပင်မဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်း ဓာတ်အားထိန်းချုပ် ပို့လွှတ်ဖြန့်ဖြူးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ထရန်စဖော်မာနှင့် လိုင်းထိန်းသိမ်းရေးများကို အမြဲမပြတ်စစ်ဆေးစောင့်ကြည့်ရန်မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
လှည့်လည်စစ်ဆေး
စက်တင်ဘာ ၂၀ ရက်ကလည်း ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်ရုံ၌ အမှတ်(၂)စက်ဖြင့် ဓာတ်အားထုတ်လုပ်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနေမှု၊ ဓာတ်အားပေးစက်အမှတ်(၁) ပြင်ဆင်နေမှုနှင့် ကျောက်မီးသွေး အခြောက်ခံစက်တည်ဆောက်တပ်ဆင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားကာ စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
လိုအပ်သည်များ မှာကြား
ထို့နောက် ဧဒင်စွမ်းအင်နှင့်သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်