နေပြည်တော် စက်တင်ဘာ ၂၂
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာ အောင်မြင်စွာထုတ်ပြန်နိုင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှု၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် တိုင်းဒေသကြီး / ပြည်နယ် / ခရိုင် / မြို့နယ် / ရပ်ကွက် / ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့၏ ကြီးကြပ်ကွပ်ကဲမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၏ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှု၊ သန်းခေါင်စာရင်းမေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပံ့ပိုးကူညီပေးကြသည့် ပြည်သူအားလုံး၏ ပူးပေါင်းပါဝင်မှုတို့ကြောင့် သန်းခေါင်စာရင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို လုံခြုံရေးနှင့်လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြားမှ စီမံချက်ပါ သတ်မှတ်အချိန်ဇယားအတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊
ယင်းသို့ ကောက်ယူရရှိသည့်အချက်အလက်များကို အချက်အလက်အသုံးပြုသူများ၊ အစိုးရဌာနအဖွဲ့အစည်းများ လတ်တလောအသုံးပြုနိုင်ရေးအတွက် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းနောက် စာရင်းဇယားပြုစုခြင်းနှင့် ဆန်းစစ်လေ့လာခြင်းလုပ်ငန်းများနှင့် ပြည်ထောင်စုအစီရင်ခံစာများ ရေးသားပြုစုခြင်းလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုပြုစုပြီးဖြစ်သည့် ပြည်ထောင်စုအစီရင်ခံစာတွင် လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ သေဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း စသည့်အကြောင်းအရာများ ပါဝင်ပါကြောင်း၊
ပြည်ထောင်စုအစီရင်ခံစာနှင့်အတူ အချက်အလက်အသုံးပြုသူများ လွယ်လွယ်ကူကူသိရှိအသုံးပြုနိုင်ရန် အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းဇယားများ အစီရင်ခံစာတို့ကိုပါ တစ်ပါတည်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအစီရင်ခံစာများသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ၊ စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုရမည့် လူဦးရေနှင့်လူမှုဘဝဆိုင်ရာ ကိန်းဂဏန်းအချက် အလက်များပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်းကို နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်း၏ အနှစ်သာရသည် စာရင်းကောက်ယူနိုင်ခြင်းသာမက သန်းခေါင်စာရင်းအချက်အလက်များကို မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများနှင့် စာရင်းအင်းအသုံးပြုသူများ လက်ဝယ်ရောက်ရှိအောင် ပံ့ပိုးပေးနိုင်မှသာ သန်းခေါင်စာရင်းအောင်မြင်သည်ဟု ဆိုနိုင်မည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ကြေညာမည့် နိုင်ငံတော်အဆင့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာကြသူများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ သတ်မှတ်ချိန်အမီပြီးစီးရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များ၊ အချင်းချင်းပေါင်းစပ်ဆောင်ရွက်ရမည့်အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်းနှင့် လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပနိုင်ရေးအခြေအနေနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အဖွဲ့ဝင်များ၊ အခမ်းအနားနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် ဆက်စပ်ဌာနများမှကိုယ်စားလှယ်များက ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်