နေပြည်တော် စက်တင်ဘာ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Pre-sident of China Association for Military Science နှင့် Pre-sident of China Institute for International Strategic Studies တို့၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ကျင်းပမည့် (၁၂)ကြိမ်မြောက် ပေကျင်းရှန်းစန်းဖိုရမ် (12th Beijing Xiangshan Forum)သို့ တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ပါယိခန်းမ(Bayi Hall)၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးတုန်ကျွင်း (Admiral Dong Jun) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့်သင်တန်းသားများ စေလွှတ်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် (12th Beijing Xiangshan Forum) ဖွင့်ပွဲအခမ်းအနားနှင့် စုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးတုန်ကျွင်းက အဖွင့်မိန့်ခွန်းပြောကြားသည်။ ယင်းနောက် အစီအစဉ်များကို ဆက်လက်ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက Forum ၏ စုံညီအစည်းအဝေး ဒုတိယအပိုင်း (2nd Plenary Session) သို့ ဆက်လက် တက်ရောက်၍ Strategic Mutual Trust and Security Coopera-tion in the Asia-Pacific Region ခေါင်းစဉ်ဖြင့် Plenary Speech ကို ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် ပေကျင်းရှန်းစန်းဖိုရမ် (12th Beijing Xiangshan Forum) သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကာကွယ်ရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဦးစီးချုပ်များနှင့် ကျွမ်းကျင်သူများကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ကျော် တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်