Skip to main content

အာကာသနည်းပညာဂုဏ်ယူဝင့်ကြွား နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက် ကာလအတွင်း မြန်မာအာကာသအေဂျင်စီက ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာ လုပ်ငန်းများ အပ်နှင်းခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ဇူလိုင် ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ (MSA)၌ စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတက “MAH-1 ဂြိုဟ်တုမြေပြင် ထိန်းချုပ်ရေးစခန်းနှင့် Multi-Mission Operation Command and Control (MOCC)”ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ယခုကဲ့သို့ မြန်မာအာကာသအေဂျင်စီဖွဲ့စည်းနိုင်မှုနှင့် လုပ်ငန်းများတိုးတက်ဖွံ့ဖြိုးနေမှုများသည် နိုင်ငံတော်အတွက် အိပ်မက်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အာကာသနည်းပညာဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည့် စက်ပစ္စည်းများ၊ အခြေခံအဆောက်အအုံများ၊ လူသားအရင်းအမြစ်များ ဖြည့်တင်းရေးနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာမှုများအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မိမိတို့နေထိုင် သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည်ဖြစ်သဖြင့် အာကာသ နည်းပညာဆိုင်ရာများကို မဖြစ်မနေသိရှိနားလည်ရမည်၊ အကျိုးရှိအောင် အသုံးချ နိုင်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတက ထည့်သွင်းလမ်းညွှန်မှာကြားခဲ့သည်။ နိုင်ငံတိုင်းအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ တိုးတက်မြင့်မားစေရေးအတွက် အိပ်မက်များ၊ ရည်မှန်းချက်များကိုယ်စီရှိကြသည်။ အာကာသ နည်းပညာနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုက အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် စိတ်ကူးများ၊ ရည်မှန်းချက်များကိုယ်စီရှိကြရာ စိန်ခေါ်မှုအခက်အခဲများကြားမှ မြန်မာနိုင်ငံက အကောင်အထည်ဖော်နိုင်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အာကာသနည်းပညာနှင့်ပတ်သက်၍ ယခင်ကတည်းက စိတ်ဝင်တစားဆောင်ရွက်ခဲ့ပြီး လူသားအရင်းအမြစ်များကိုလည်း ကြိုတင်မွေးမြူ လေ့ကျင့်မွေးထုတ်ပေးပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရ နိုင်ငံ့တာဝန်ထမ်းဆောင်ချိန်တွင် အာကာသနှင့်သက်ဆိုင်သည့် နည်းပညာရပ်များ သင်ကြားနိုင်ရန်အတွက် ပြည်ပသို့ပညာတော်သင်များ စေလွှတ်ပေးခဲ့သည်။ ထို့ပြင် အာကာသနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍လည်း ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်ခဲ့ပြီး လက်ရှိအခြေအနေတွင် မြန်မာအာကာသအေဂျင်စီကို စနစ်တကျဖွဲ့စည်း၍ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အခြေအနေသို့ရောက်ရှိခဲ့သည်။ အာကာသနည်းပညာ မြင့်မားတိုးတက်စေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်၏ ရေရှည်အကျိုးကိုကြည့်၍ ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက် ခဲ့သည်။

သုတေသနပြခန်းတွင် ပြသထားသည့် လေ့လာဆန်းစစ်မှုများသည် နိုင်ငံ၏အကျိုးစီးပွားအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ အာကာသအတွင်းသို့ ဂြိုဟ်တုလွှတ်တင်နိုင်ရေးသာမက အာကာသယာဉ်မှူးများကိုလည်း စေလွှတ်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်၏ဂုဏ်ကိုပိုမိုမြှင့်တင်ပေးနိုင် မည်ဖြစ်သည်။ ရရှိလာမည့် အာကာသနည်းပညာများနှင့် အချက်အလက်များသည် နိုင်ငံတော်အတွက် အကျိုးများမည်ဖြစ်၍ လုပ်ငန်းများအောင်မြင်အောင် စနစ်တကျဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အာကာသနည်းပညာဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှု၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း နှင့်ကမ္ဘာ့အလယ်တွင် အာကာသနည်းပညာဆိုင်ရာများနှင့်ပတ်သက်၍ ဂုဏ်ယူဝင့်ကြွားနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာမည်။ အခမ်းအနားတွင် နိုင်ငံတော်အတွက် ပထမဆုံးသော အာကာသယာဉ်မှူးလောင်းများကို ရွေးချယ်ဂုဏ်ပြုနိုင်ခဲ့သည်။

အာကာသနည်းပညာသည် မြန်မာနိုင်ငံနှင့် ကမ္ဘာပေါ်တွင်ဖြစ်ပေါ်နေသည့် ပထဝီမြေပြင် ပြောင်းလဲမှုဆိုင်ရာများ၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို အာကာသနည်းပညာကိုအသုံးပြု၍ အသေးစိတ် အချက်အလက်များကို သိရှိနိုင်သည်။ ထိုသို့ ဂြိုဟ်တုများအသုံးပြု၍ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာမြေပြင်အတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်သည်။ မြေပြင်အချက်အလက်များကို အာကာသအတွင်းရှိ ဂြိုဟ်တုများမှရရှိသည့် အချက်အလက်များနှင့် ပေါင်းစပ်ဆောင်ရွက်မည်ဆိုပါက ကမ္ဘာကြီးကို များစွာအကျိုးပြုမည်ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲဖြစ်ပေါ် နေသည်ဖြစ်၍ အာကာသနည်းပညာများကို မဖြစ်မနေသိရှိနားလည်အောင်၊ အကျိုးရှိအောင်အသုံးချပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။