ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
UEHRD ကော်မတီ (၃)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၉ ရက်က ကျင်းပခဲ့ပါတယ်။ ပထမနဲ့ ဒုတိယအကြိမ်တွေကို နေပြည်တော်မှာ ပုံမှန်အတိုင်း အခမ်းအနားတွေကို ခမ်းနားစည်ကားစွာ ကျင်းပနိုင်ခဲ့တယ်။ ဒီနှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကြောင့် ပုံစံတစ်မျိုးနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနားကို အွန်လိုင်းကတစ်ဆင့် လုပ်ခဲ့တာဖြစ်တယ်။ ယခုအချိန်မှာ ပြည်တွင်းပြည်ပအခမ်းအနားတွေကို အွန်လိုင်းကတစ်ဆင့် ကျင်းပနေတာဖြစ်ပါတယ်။ နည်းပညာအားကိုးပြီး သပ်သပ်ရပ်ရပ်လုပ်ကိုင်နိုင်ခဲ့ တယ်။
UEHRD ၏ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ အခမ်းအနားကို စတင်ခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က UEHRD စတင်ပေါ်ပေါက်လာမှု၊ စုစည်းဖွဲ့စည်းပုံ၊ လှုပ်ရှားမှုအရပ်ရပ်ကို မီးမောင်းထိုးခဲ့ပါတယ်။ အခက်အခဲ မျိုးစုံ၊ ဝေဖန်မှုအမျိုးမျိုး ကြားက ဆောင်ရွက်ပုံတွေကိုလည်း တင်ပြခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ UEHRD ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ အနာဂတ်ကာလမှာ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်တာ တွေကိုလည်း ထုတ်ဖော်ပြောဆိုခဲ့တယ်။
UEHRD စတင်ဖွဲ့စည်းခြင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းကို နားထောင်ရင်းလွန်ခဲ့တဲ့ သုံးနှစ်ကျော်ကာလကို သတိရမိ ပါတယ်။ ပထမဆုံးအနေနဲ့ ရခိုင်ပြည်နယ်၏ အခြေအနေ များကို ရှင်းလင်းတဲ့အခမ်းအနား UEHRD ဖွဲ့စည်းမှုကို ကြေညာခဲ့ပါတယ်။ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အဖွဲ့ဝင်များအနေနဲ့ ကျွန်တော့်ကို ညှိနှိုင်းရေးမှူးချုပ်အဖြစ် တာဝန်ပေးပြီး ဦးကျော်မြိုင်အနေနဲ့ ဆက်သွယ်ဆက်ဆံရေး ညွှန်ကြား ရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဖွဲ့ဝင်လေးဦးနဲ့ စတင်ခဲ့ပါတယ်။
ဆက်လက်၍ လုပ်ငန်းရှင်များကို UEHRD လုပ်ငန်းများမှာ ပါဝင်ပတ်သက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းအား ပေးမှုကြောင့် မြန်မာနိုင်ငံ၌ရှိသော လုပ်ငန်း ရှင်များက အလှူငွေများကို အင်တိုက်အားတိုက်ထည့်ဝင် ခဲ့ကြပါတယ်။
UEHRD ဆိုတဲ့အမည်ဟာ အလွန်နက်နဲတဲ့ အဓိပ္ပာယ် ဆောင်တာကို တွေ့ရပါတယ်။ အစိတ်အပိုင်းနှစ်ခု ပါဝင်တာဖြစ်တယ်။ ပထမကတော့ UE(Union Enterprise) ဆိုတဲ့ ဝေါဟာရဟာ ပြည်ထောင်စုအဆင့် စီးပွားရေး ဆန်ဆန် ဆောင်ရွက်ခြင်း ဖြစ်တယ်။ အစိုးရက ဦးစီးပြီး ပုဂ္ဂလိကကဏ္ဍ မောင်းနှင်တဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ် တယ်။ တစ်နည်းပြောရရင် နိုင်ငံတော်နဲ့ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု ဖြစ်တယ်။ ပုံမှန်အသုံးအနှုန်းက Public-Private-Partnership(PPP)။ ဒါပေမယ့် နောက်ထပ် တစ်ခု ပါဝင်ပါတယ်။ ဒါကတော့ ပြည်သူတွေဖြစ်တယ်။ အရင်က တော့ P သုံးလုံးဖြစ်ပေမယ့် အခုတော့ P လေးလုံးအဖြစ် စဉ်းစားသတ်မှတ်နိုင်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ လူငယ်တွေ၊ စေတနာ့ဝ န်ထမ်းတွေဟာ ထပ်တိုးတဲ့ People ဖြစ်တာ တွေ့ရှိရပါတယ်။
UEHRD ပေါ်ပေါက်လာခဲ့တဲ့ အခြေခံ အကြောင်း ရင်းက ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှာ ARSA အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက် ပေါ်ပေါက်လာတဲ့ အကျိုးဆက်တွေကြောင့် တုံ့ပြန်မှုယန္တရားတစ်ရပ် ဖြစ်ပါ တယ်။ အမှန်တော့ နိုင်ငံတော်အစိုးရအနေနဲ့ ဩဂုတ်လ ကုန်ခါနီးမှာ ဖြစ်ပေါ်လာတဲ့ အရေးအခင်းကို နှစ်လအတွင်း တုံ့ပြန်မှုပေးနိုင်မှုဟာ မှတ်သား အသိအမှတ်ပြုရမယ့် အရာ ဖြစ်ပါတယ်။ သွက်လက်မြန်ဆန်စွာ လှုပ်ရှားနိုင်မှုဟာ ဦးဆောင်မှုအရည်အချင်းတွေကို ပေါ်လွင် ထင်ရှားစွာ ဖော်ထုတ်ခဲ့မှုဖြစ်တယ်။
UEHRD ၏ လှုပ်ရှားမှုများ
စောစောက တင်ပြခဲ့သလို "UE ဟာ အဖွဲ့အစည်း တစ်ရပ်ရဲ့ အခြေခံအဆောက်အအုံကို ရည်ညွှန်းတာဖြစ်ပြီး HRD ဟာ လှုပ်ရှားမှုများကို ဖော်ပြခြင်းဖြစ်ပါတယ်။ "H" ဟာ Humanitarian လူသားချင်းစာနာမှုလုပ်ငန်း ဆောင် ရွက်မှုများဖြစ်ပြီး "R" က Resettlement ပြန်လည်နေရာ ချထားရေး ဖြစ်ပါတယ်။ "D" ကတော့ Development ဖြစ်တယ်။ တစ်နည်းပြောရရင် HRD ဟာ ကာလတိုနဲ့ ကာလရှည် လုပ်ငန်းဆောင်ရွက်မှုများကို ဖော်ထုတ်ခြင်း ဖြစ်ပါတယ်။
UEHRD အဖွဲ့ကို တည်ထောင်ပြီး ဥက္ကဋ္ဌဖြစ်သူဟာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေ ကို ပြည့်စုံစွာဖော်ပြခဲ့ပြီး လုပ်ငန်းရှင်များအနေနဲ့ UEHRD ရဲ့ လှုပ်ရှားမှုများအတွက် အလှူငွေတွေ ထည့်ဝင်ခဲ့ပါတယ်။ အခုလို အရေးပေါ်အခြေအနေမျိုးမှာ လုပ်ငန်းရှင်တွေရဲ့ စေတနာကိုလည်း လေးစားမိပါတယ်။
အရေးပေါ် လိုအပ်ချက်နှစ်ရပ်ကို UEHRD အနေနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ ပထမက တစ်ဖက်နိုင်ငံ ရောက်နေသူတွေအတွက် ပြန်လည်လက်ခံမယ့် အစီအစဉ် အတွက် ကြိုဆိုရေးစခန်းနှစ်ခုနဲ့ ပြန်လည်နေရာချထားရေး စခန်းကြီးတစ်ခု တည်ဆောက်ဖို့ဖြစ်ပါတယ်။ တောင်ပြို လက်ဝဲစခန်းကို UEHRD က တာဝန်ယူပြီး လှဖိုးခေါင် စခန်းကို ဧဒင်အဖွဲ့ဥက္ကဋ္ဌ ဦးချစ်ခိုင် က တာဝန်ယူခဲ့တယ်။ ပြန်လည်နေရာချထားရေးစခန်းဖြစ်တဲ့ တောင်ပြိုလက်ဝဲ ကို UEHRD က တာဝန်ယူခဲ့တာဖြစ်တယ်။
လုပ်ငန်းအဖွဲ့များ(Task Forces) ဖွဲ့စည်းခြင်း
UEHRD ကို အခုလို ဖွဲ့စည်းပြီးတဲ့အခါ လုပ်ငန်း လှုပ်ရှားမှုအတွက် မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့အကူအညီနဲ့ လုပ်ငန်းအဖွဲ့များ(Task Forces) ဖွဲ့စည်းခဲ့ပါတယ်။ အစည်းအဝေးသို့ လုပ်ငန်းရှင်ကြီးများ ဖြစ်ကြတဲ့ ဇေကမ္ဘာဦးခင်ရွှေ၊ ဒဂုံဦးဝင်းအောင်၊ ဦးချစ်ခိုင်၊ ဦးကိုကိုငွေ၊ ယုဇနဦးဌေးမြင့်၊ ရွှေသံလွင် ဦးကျော်ဝင်းအပါအဝင် ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းအဖွဲ့ရှစ်ဖွဲ့ကို ဖွဲ့စည်း တည်ထောင် ခဲ့ပါတယ်။ ဒီလုပ်ငန်းအဖွဲ့အစည်း တွေအနေနဲ့ သက်ဆိုင်ရာ စီးပွားရေးကဏ္ဍအသီးသီးကို တာဝန်ယူဖို့ သဘောတူညီ ကြတယ်။
အရေးကြီးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်မှာ အစည်းအဝေးတွေ အကြိမ်ကြိမ် ကျင်းပခဲ့တယ်။ လုပ်ငန်းရှင်များအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှာ မဟုတ်ဘဲ လိုအပ်တဲ့ ကျွမ်းကျင်မှုဆိုင်ရာ အကြံပေးဖို့ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရခိုင်ပြည်နယ်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို တာဝန်ပေးဖို့ သဘောတူခဲ့ပါတယ်။
ဒါကြောင့် စစ်တွေမြို့မှာ အစည်းအဝေးတွေ ကျင်းပပြီး တောင်ပြိုလက်ဝဲနဲ့ လှဖိုးခေါင်စခန်းအတွက် လိုအပ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသား လုပ်ငန်းရှင်များကို စည်းရုံး နိုင်ခဲ့ပါတယ်။ အခုလိုဆောင်ရွက်ရာမှာ နိုဝင်ဘာလမှာ နှစ်နိုင်ငံသဘောတူချက်အရ သုံးလအတွင်း ပြန်လည် ဝင်ရောက်လာသူတွေအတွက် အမြန်ဆုံး ပြင်ဆင်ခဲ့ရပါ တယ်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ အနေနဲ့လည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ အဆင်သင့်ဖြစ်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ အမြန်ဆုံး ပြီးစီးနိုင်ဖို့ ဆောင်ရွက်ခဲ့ကြတယ်။ ပြီးစီးဖို့၊ အဆင်သင့်ဖြစ်နေဖို့ဟာ ဦးစားပေးရမယ့်ကိစ္စ ဖြစ်နေပါ တယ်။ ပြန်လာချိန်မှာ အဆင်သင့်မဖြစ်ဘူးဆိုတဲ့ ဝေဖန်မှုတွေ မခံရဖို့ လုပ်ငန်းရှင်တွေကို အနီးကပ်တိုက်တွန်းခဲ့ရတယ်။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အဆုံးအဖြတ်နဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ပြီးပြည့်စုံမှု မရှိနိုင်ပေမယ့် လက်ခံနိုင်မယ့် အခြေအနေတစ်ရပ်ဖြစ်အောင် ကြိုးစား ဆောင်ရွက်ခဲ့ကြပါတယ်။
လုပ်ငန်းအဖွဲ့နဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် စစ်တွေ- မောင်တော ကားလမ်းကို ပြန်လည်ပြုပြင်ပြီး လိုအပ်တဲ့နေရာတွေမှာ အသစ်တည်ဆောက်မှုတွေကို ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင် ဦးစီးတဲ့ Asia World ကုမ္ပဏီက တာဝန် ယူခဲ့ပါတယ်။ ငွေကြေးပမာဏ အမြောက်အမြားကို သုံးစွဲခဲ့ တယ်။ လုပ်ငန်းတွေ စတင်ချိန်မှာ ဦးစားပေးတစ်ရပ်က စပါးပေါ်ချိန်ဖြစ်နေတဲ့အတွက် စပါးတွေ ရိတ်သိမ်းရေး လုပ်ငန်းကို စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းအဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ဦးစီးဦးဆောင်မှုကို ဧဒင် အဖွဲ့ ဦးချစ်ခိုင်က ဆောင်ရွက်ခဲ့ပါတယ်။ ရိတ်သိမ်းခဲ့တဲ့ စပါးတွေကိုလည်း စနစ်တကျသိုလှောင်ထားပြီး စာရင်း ပြုစုခဲ့တယ်။
ပေးထားတဲ့အချိန်ဖြစ်တဲ့ နှစ်ဦးမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေအားလုံး ဆောင်ရွက်နိုင်ခဲ့တယ်။ အရည် အသွေးထိန်းချုပ်မှုကို ဆောက်လုပ်ရေးနဲ့အခြေခံအဆောက် အအုံ လုပ်ငန်းအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ သဘောတူထားတဲ့အချိန်မှာ တစ်ဖက်နိုင်ငံ ရောက်နေတဲ့သူတွေ ပြန်လည်ဝင်ရောက် လာခြင်းမရှိခဲ့တာ တွေ့ရတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပြစ်တင်ဝေဖန်ပြီး သဘောတူထားတာတွေကို လိုက်နာဆောင်ရွက်မှုမရှိခဲ့ကြောင်း တွေ့ရှိရတယ်။ ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ကျန်ရှိတဲ့ လုပ်ငန်းအဖွဲ့တွေဟာလည်း ပေးအပ်တဲ့အခြေ အနေ၊ အတိုင်းအတာအတွင်းမှာ လှုပ်ရှားခဲ့ကြတယ်။ ကျန်းမာရေးလုပ်ငန်းအဖွဲ့ဟာ ရခိုင်ပြည်နယ်သို့ သွား ရောက်ပြီး စောင့်ရှောက်မှုတွေပေးခဲ့ပါတယ်။
လိုအပ်ချက်တစ်ရပ်ကြောင့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းအဖွဲ့ အသစ်တစ်ရပ်ကို ဖော်ထုတ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ဒေါ်ပြုံးကေသီနိုင်က ဦးစီးဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံခြားခရီးတွေထွက်ပြီး ပကတိအခြေအနေတွေကို တင်ပြခဲ့တယ်၊ ဆွေးနွေးခဲ့ တယ်။ နောက်ပိုင်းမှာ UEHRD ကို အားဖြည့်ပေးခဲ့တယ်။ ဦးတိုးအောင်နဲ့ ဦးညီညိမ်းအေးတို့ ပါဝင်ပတ်သက်လာပြီး ပိုမိုကျစ်လျစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ UEHRD ကို ကော်မတီအဖြစ် ပြန်လည်ဖွဲ့စည်းပြီး ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနဲ့ အင်အားတွေ ဖြည့်ပေးခဲ့တယ်။ ရန်ကုန်နဲ့ နေပြည်တော်ရုံးတွေ ဖွဲ့စည်းခဲ့တယ်။
အခုလို လုပ်ငန်းနယ်ပယ် ကျယ်ပြန့်လာတာနဲ့အမျှ ဖွဲ့စည်းမှုပြုပြင်ခြင်းဟာ သဘာဝကျပါတယ်။ စနစ်တကျ ဆောင်ရွက်နိုင်ဖို့ တွန်းအားပေးခြင်းဖြစ်တယ်။ ပြည်တွင်း အခြေစိုက် နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ ပူးပေါင်းနိုင်ခဲ့သလို နိုင်ငံခြားမှာရှိတဲ့ အဖွဲ့အစည်း တွေနဲ့ ဆက်သွယ် ဆက်ဆံနိုင်ခဲ့တယ်။ ထိုင်းနိုင်ငံက ဒုတိယဝန်ကြီးချုပ်ဟောင်း ဦးစီးတဲ့ IBERD အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေလုပ်ခဲ့ သလို အာဆီယံ အဖွဲ့အစည်းတစ်ခုနဲ့လည်း တက္ကသိုလ် တည်ထောင်ဖို့ အစီအစဉ်တွေ ဖော်ထုတ်နိုင်ခဲ့တယ်။
ကိုဗစ်-၁၉ ကာလ ကူညီမှု
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့၊ ဖြစ်ပေါ်လျက်ရှိတဲ့ ပဋိပက္ခတွေရဲ့ရလဒ်ကို တစ်ဖက်တစ်လမ်းမှ UEHRD က နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့ ပုဂ္ဂလိကကဏ္ဍတို့ရဲ့ ပါဝင်ပတ်သက်မှုနဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်။ ၂၀၂၀ သင်္ကြန်အလွန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြီးနဲ့ ပတ် သက်ပြီး ကူညီမှုတွေကို ကျန်းမာရေးလုပ်ငန်းအဖွဲ့က တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။
UEHRD နဲ့ ပတ်သက်လာရင် ပြည်တွင်းပြည်ပ ဝေဖန်မှုတွေ၊ စွပ်စွဲမှုတွေ ခံခဲ့ရတယ်။ နိုင်ငံတကာခုံရုံးမှာ UEHRD ကို မီးမောင်းထိုးခဲ့တယ်။ အမှန်တော့ နိုင်ငံတော်အတွက် လိုအပ်ချက်တစ်ရပ်ကို တစ်ထောင့်တစ်နေရာကနေ အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှုတွေနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေ ပိုတိုးလာတာ တွေ့ရတယ်။ အခြေအနေတွေ မတည်ငြိမ်အောင် ပုံစံမျိုးစုံနဲ့ ပြစ်တင်ဝေဖန်နေကြတယ်။
UEHRD ရဲ့ တာဝန်ကတော့ ရိုးရိုးရှင်းရှင်းဖြစ်တယ်။ လူသားချင်းစာနာမှုလုပ်ငန်းတွေကို တစ်ဦးတစ်ယောက်မှ မကျန်ရစ်အောင် ကြိုးစားသွားမှာဖြစ်တယ်။ ဒေသဖွံ့ဖြိုး မှုနဲ့ ပတ်သက်ပြီး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဘက်စုံမှ တိုးတက်လာအောင် ကြိုးစားရမှာသာဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ပါရဂူဘွဲ့လွန်ကျမ်း ပြုစုရာမှာ ကိုလိုနီ ခေတ် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို သုတေသန ပြုခဲ့ပါတယ်။ ၁၈၂၄ ခုနှစ်မှာ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းတို့ကို အင်္ဂလိပ်တွေ သိမ်းပိုက် အုပ်ချုပ်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်မဖြစ်မီ ကာလအတွင်း ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ အံ့ဩဖွယ်ရာ တိုးတက်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ပထမဦးဆုံးပုဂ္ဂိုလ်က ဘဏ်ကို တည် ထောင်နိုင်ခဲ့တယ်။ ဆန်စပါးလုပ်ငန်းကို အောင်မြင်စွာဖော်ထုတ်နိုင်ခဲ့တယ်။ ပညာတတ်တွေ မွေးထုတ်နိုင်ခဲ့တဲ့ဒေသတစ်ခုဖြစ်တာ တွေ့ရှိရပါတယ်။
နောက်ပိုင်း စီးပွားရေးတက္ကသိုလ်မှာ ဆရာအဖြစ် တာဝန်ယူစဉ် ရခိုင်ပြည်နယ်မှာ လူမှုစီးပွား သုတေသန တွေကို လုပ်ဆောင်ခဲ့ တယ်။ ဒါကြောင့်လည်း ရခိုင်ပြည် နယ်ရဲ့ အခြေခံတွေကို နားလည်ခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော စုံစမ်း ရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်နယ်ရဲ့ အခြေ အနေတွေကို အသေးစိတ် သိခွင့်ရခဲ့တယ်။
UEHRD မှာ အဖွဲ့ဝင်အဖြစ် တာဝန်ယူတဲ့အချိန်မှာ အလွန်အကျိုးရှိလှပါတယ်။ UEHRD ကို ဖော်ထုတ်ပေးခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ချီးကျူးရမှာဖြစ်တယ်။ ခက်ခဲ ရှုပ်ထွေးလှတဲ့ ပြဿနာကို ဆန်းသစ်တဲ့ဖွဲ့စည်းမှုနဲ့ တုံ့ပြန်ခြင်းဖြစ်တယ်။ ပုဂ္ဂလိကကဏ္ဍရဲ့ စွန့်ဦးတီထွင်မှုနဲ့ နိုင်ငံ တော်အဖွဲ့အစည်းများရဲ့ စနစ်တကျ လှုပ်ရှားဆောင်ရွက်မှုတွေ ပေါင်းစပ်ပြီး ရှုပ်ထွေးခက်ခဲလှတဲ့ အခြေအနေကို ကိုင်တွယ်မှုဟာ ထူးခြားလှကြောင်း မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ။