နေပြည်တော် စက်တင်ဘာ ၁၁
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
ယနေ့တွင် ၂၀၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိုးရာသီကာလသို့ ရောက်ရှိလာပြီဆိုပါက မြေဆီမြေနှစ်များ နိုးကြားပြီး ထိုအချိန်တွင် တပ်မတော်အနေဖြင့် သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပပြုလုပ်၍ သစ်ပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးခဲ့ကြောင်း၊ ယခုပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲသည် ယခုနှစ်အတွက် တတိယအကြိမ် စိုက်ပျိုးသည့်ပွဲဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၏ အဓိကရည်ရွယ်ချက်မှာ သစ်ပင်သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးလစ်ဟာသွားသည့် သစ်ပင်သစ်တောများ ပြန်လည်အစားထိုးဖြည့်သွင်းစိုက်ပျိုးခြင်းလည်းဖြစ်ကြောင်း။
သစ်တောသစ်ပင်မျိုးနွယ်စိတ်များသည် လူနှင့် သတ္တဝါများအတွက် အသက်ရှင်သန်ရန် နေ့စဉ်စားသုံးနေရသည့် အစာကွင်းဆက်တွင် အဓိကအကျဆုံး မူလအရင်းအမြစ်လည်းဖြစ်ကြောင်း၊ ထို့ပြင်သက်ရှိသတ္တဝါများအားလုံး အသက်ရှင်နေထိုင်နိုင်ရန်အတွက် အပြန်အလှန်သက်ရောက်မှီခိုနေရသည့် သဘာဝဂေဟစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် အဓိကမောင်းနှင်အားအရင်းအမြစ်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆုံးရှုံးလစ်ဟာသွားသည့် သစ်တောသစ်ပင်များ အမြန်ဆုံးကုစားစိုက်ပျိုးခြင်းသည် လူသားတိုင်းကိုယ်စီပြုမူသင့်သည့် အလေ့အထကောင်းတစ်ခုဖြစ်ကြောင်း။
သစ်ပင်သစ်တောများအား အကြောင်းအမျိုးမျိုးကြောင့် ခုတ်ယူခြင်းများရှိသဖြင့် သစ်တောသစ်ပင်များ နည်းပါးလာပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများကြောင့် ရာသီဥတုများ စံချိန်တင် ပူပြင်းခြင်း၊ မုန်တိုင်းများ ဖြစ်ပွားမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းများကို ကမ္ဘာပေါ်ရှိလူသားများ ခံစားနေရကြောင်း၊ လူသားများ၏ လုပ်ဆောင်မှုများကြောင့် ရာသီဥတုများပြောင်းလဲလာခြင်းဖြစ်သဖြင့် လူသားများကပင် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် သစ်တောသစ်ပင်များ စိုက်ပျိုးပေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်ပေးခြင်းများသည် သဘာဝဘေးအန္တရာယ်ကို အထိုက်လျောက် ထိန်းချုပ်ပေးသည့်အခြေခံအကြောင်းအရာတစ်ခုဖြစ်ကြောင်း။
သစ်ပင်စိုက်ပျိုးခြင်းအလေ့အထသည် မြန်မာလူမှုပတ်ဝန်းကျင်တွင် “တစ်သက်ပျော်ချင် သစ်ပင်စိုက်” ဆိုသည့် အဆိုအမိန့်စကားတစ်ရပ်ရှိကြောင်း၊ အဓိကအားဖြင့် သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အနေဖြင့် “ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း၊ နိုင်ငံတော်သာယာရန်အတွက် လူတိုင်းလိုလားကြကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်သည့် ၂၀၁၁ ခုနှစ်မှစတင်၍ သစ်ပင်စိုက်ပျိုးပွဲများကိုကျင်းပပြီး သစ်ပင်များကို စိုက်ပျိုးခဲ့ကြောင်း၊ ထိုသို့ စိုက်ပျိုးခဲ့မှုများကြောင့် ယခုအခါ ရေဆင်းဆည်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်လျက်ရှိခြင်းဖြစ်ကြောင်း၊ ယခင်က တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားအရာရှိကြီးများအနေဖြင့်လည်း နေပြည်တော်သို့ ရောက်ရှိချိန်တွင် ၎င်းတို့ ယခင်က စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်ဖြစ်ထွန်းပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုကို ကြည့်ရှု၍ စိတ်ကြည်နူးချမ်းမြေ့ရသည်ကို မိမိကို ပြောကြားကြကြောင်း၊ ယခုစိုက်ပျိုးသည့်သစ်ပင်များသည်လည်း နောင်အခါတွင် ရှင်သန်ဖြစ်ထွန်းပြီး သဘာဝပတ်ဝန်းကျင်ကို ယခုထက်ပိုမိုစိမ်းလန်းစိုပြည်စေကာ မိမိတို့အတွက် အမှတ်တရဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အိမ်တိုင်း၊ လမ်းတိုင်း၊ ရပ်ကွက်တိုင်း သစ်ပင်စိုက်ပျိုးရန် မိမိအနေဖြင့် အမြဲတိုက်တွန်းပြောကြားလျက်ရှိကြောင်း။
ယခုအခါ စိမ်းလန်းစိုပြည်သာယာမှုများမှာ အထိုက်သင့်ရှိလာပြီဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့၏ ဆောင်ရွက်မှုများသည် သားစဉ်မြေဆက်အထိ အကျိုးခံစားရမည်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးရာတွင် အချိန်၊ ငွေကြေးနှင့် လူအင်အားများ စိုက်ထုတ်သုံးစွဲရသဖြင့် တာဝန်အရစိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ စေတနာထား၍ စိုက်ပျိုးသွားကြရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့စိုက်ပျိုးခဲ့သည့်သစ်ပင်များအား တစ်ပင်စိုက် တစ်ပင်ရှင်ဖြစ်စေရန်အတွက် စနစ်တကျစိုက်ပျိုးရန်နှင့်ရှင်သန်ဖြစ်ထွန်းရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့်သူများကလည်း အထူးအလေးအနက်ထား၍ စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
၂ဝ၁၁ ခုနှစ်မှ ၂ဝ၂၅ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည်ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂ဝ၈,၄၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်
ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ ပျဉ်းကတိုး ၆၀၀ ပင်၊ ပိတောက် ၃၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၄ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၈,၄၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။
တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၈၆,၃၁၂ ပင်ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့
အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁,၃၅၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၆,၃၉၀ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉,၀၀၉ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၈,၇၉၅ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၂၁,၅၉၄ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၁၀,၀၄၇ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၅,၈၈၁ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၈,၂၀၀ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၆,၁၄၅ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၂၀,၂၇၆ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၉,၂၁၄ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၇,၀၁၁ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ယနေ့တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၌ စုစုပေါင်း သစ်ပင် ၁၈၆,၃၁၂ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။