နေပြည်တော် ဇူလိုင် ၂၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံမှူး၊ စစ်သံမှူးနှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များ၊ ကမ္ဘာတစ်ဝှမ်းလူသားမျိုးနွယ်အား ခြိမ်းခြောက်လျက်ရှိသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးနှိမ်နင်းလျက်ရှိမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများဖြင့် ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား နည်းပညာ၊ သတင်းအချက်အလက်အပါအဝင် နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့သည့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
