ရန်ကုန် စက်တင်ဘာ ၁၀
အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၇)၏ သင်တန်းဆင်းပွဲကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ယနေ့ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင်ဦးစိုးတင့်၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်း ဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သင်တန်းသားများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးဖြစ်စဉ်များကို စဉ်ဆက်မပြတ်လေ့လာကြပြီး ခေါင်းဆောင်ကောင်းအင်္ဂါရပ်များနှင့် ပြည့်စုံ အောင် ကျင့်ကြံနေထိုင်ကြ၍ ထမ်းဆောင်ရသော လုပ်ငန်းတာဝန်များကို ချမှတ်ထားသောဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီတိကျမြန်ဆန်စွာ ဝန်ဆောင်မှုပေးကြရန် မှာကြားလိုကြောင်း၊ ပါတီ နိုင်ငံရေးကင်းရှင်းရန်နှင့် နိုင်ငံရေးနှင့်နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန် လိုအပ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ရေးအတွက် နိုင်ငံ့ ဝန်ထမ်းပီသစွာဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
သင်တန်းသို့ သင်တန်းသား ၂၂ ဦး၊ သင်တန်းသူ ၂၄ ဦး စုစုပေါင်း ၄၆ ဦး တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင် ၁၄ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌသည် ယမန်နေ့က တက္ကသိုလ်မှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး တက္ကသိုလ်၏ စီမံခန့်ခွဲရေး၊ လေ့ကျင့်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေအနေအပေါ် လိုအပ် သည်များ မှာကြားကာ တက္ကသိုလ်ပြခန်း၊ သင်တန်းအလိုက် သင်ခန်းစာ လေ့ကျင့်ပို့ချနေမှု၊ စစ်ရေးပြနှင့် လက်နက်ငယ်လက်တွေ့လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်