နေပြည်တော် စက်တင်ဘာ ၁၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနန်နင်းမြို့၌ ယမန်နေ့ကကျင်းပသည့် China-ASEAN Countries Forum on Blue Economy Cooperation and Development (CAFBE) - 2025 အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့် အတူ တက်ရောက်ခဲ့သည်။
အဆိုပါဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သဘာဝအရင်းအမြစ်ဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ၊ ကွမ်ရှီးကျွမ်းပင်လယ်သမုဒ္ဒရာ စီမံခန့်ခွဲရေးဌာနအကြီးအကဲနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဖိုရမ်တွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံသည် အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများကို အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်ပေးနိုင်သော အချက်အချာကျသည့်နေရာ၌ တည်ရှိနေပြီး ၎င်းတို့ကို ကမ္ဘာတစ်ဝန်းသို့ ဆက်သွယ်ချိတ်ဆက်ပေးနိုင်သည့် Gateway တစ်ခုအဖြစ်တည်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်သာတူညီမျှ သာယာဝပြောမှုကို အလေးထားလျက် ဒေသတွင်းခိုင်မာ၍ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ပင်လယ်ပြာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် အာဆီယံပင်လယ်ပြာ စီးပွားရေးမူဘောင် (၂၀၂၃) နှင့် လိုက်လျောညီထွေရှိသည့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်ကိုချမှတ်၍ ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်မှုကို အလေးထားပံ့ပိုးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကိစ္စရပ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပင်လယ်ပြာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် မဖြစ်နိုင်သည့် ရည်မှန်းချက်တစ်ခုမဟုတ်ဘဲ မိမိတို့နိုင်ငံအသီးသီးက အမျိုးသားရေးမူဝါဒ တစ်ရပ်အဖြစ်ချမှတ်၍ ဦးစားပေးဆောင်ရွက်ရမည့်၊ ပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါ ဖိုရမ်ကို နှစ်နှစ် တစ်ကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်ဖိုရမ်၏ ဆောင်ပုဒ်သည် ‘‘ဆန်းသစ်တီထွင်ခြင်း၊ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ထိရောက်သော ဖြေရှင်းခြင်းနည်းလမ်းများဖြင့် တရုတ်-အာဆီယံ ပင်လယ်ပြာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအနာဂတ်သစ်ကို ဖန်တီးစို့’’ (Innovation, Green Development and Smart Solutions: Shaping A New Blue Future for China and ASEAN) ဖြစ်ကာ ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်နှင့် သမ္မတရှီကျင့်ဖျင်အဆိုပြုခဲ့သော ရပ်ဝန်းနှင့်ပိုးလမ်းမအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ်-အာဆီယံ ပင်လယ်ပြာစီးပွားရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ဖိုရမ်အတွင်း ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Beibu Gulf Port Group ကုမ္ပဏီ၊ China-ASEAN Artificial Intelligence Com-puting Centre ၊ Qinzhou Port Automated Container Termi-nal နှင့် China-Malaysia Qinz-hou Industrial Park တို့သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်