နေပြည်တော် စက်တင်ဘာ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး တာဝန်မကြာမီကာလအတွင်း ပြီးစီးတော့မည်ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ဦးစားပေးခရီးလာရောက်ခဲ့မှု၊ ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများ၊ UNHCR မှ ဘေးဒဏ်သင့်သူများသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်ခဲ့မှုအခြေအနေ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်သော ကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ UNHCR ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုရုံးမှ ညွှန်ကြားရေးမှူး Ms. Hai Kyung Jun နှင့် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi တို့ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်