Skip to main content

ဥပဒေအသိပညာပြန့်ပွားရေးဒီပလိုမာ (Diploma In Legal Advocacy-DLA) သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၃

ဥပဒေအသိပညာပြန့်ပွားရေးဒီပလိုမာ (Diploma In Legal Advocacy-DLA) သင်တန်းအမှတ်စဉ် (၁) ကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ စတင်ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၊ ယခင်ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သမိုင်းတွင် ပထမဦးဆုံးဥပဒေနှင့် ပတ်သက်သည့် Diploma သင်တန်းကို စတင်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် အရာရှိကြီးများအား သင်တန်းသားအဖြစ်လက်ခံကြောင်း၊ သင်တန်းသား ၅၀ အား သတ်မှတ်စံနှုန်းများဖြစ်သည့် ဘာသာရပ်ဆိုင်ရာ သုတေသနများနှင့် အခြားသောသုတေသနစာတမ်းများ ရေးသားရန်နှင့် ဌာနအသီးသီးတွင် ဥပဒေနှင့်စပ်လျဉ်း၍ ကိုင်တွယ်ကျင့်သုံးနေရသည့် အရာရှိများကို ပထမဦးစားပေးရွေးချယ်ထားခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးလျှင် Diploma In Legal Advocacy ဘွဲ့ပေးမည်ဖြစ်ကြောင်း၊ သင်တန်းကာလ တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး ရှစ်လတွင် ဘာသာရပ်ဆိုင်ရာများ ပို့ချ၍ လေးလမှာ သုတေသနစာတမ်းများ ရေးသားရန်ဖြစ်ကြောင်း၊ သင်တန်းရက်ပေါင်း ၁၆၀ နှင့် စာသင်ချိန် ၃၂၀ သင်ကြားပို့ချမည်ဖြစ်ကြောင်း။

သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဌာနကြီးများ၏ ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်သော ဥပဒေမူကြမ်းစိစစ်ရေးဆွဲခြင်း၊ ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆောင်ရွက်ခြင်းများနှင့်စပ်လျဉ်းသည့် ဘာသာရပ်များ၊ ဥပဒေမူကြမ်းရေးဆွဲနည်းများ၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံရေးရာကိစ္စရပ်များ၊ စီးပွားရေးစာချုပ်စာတမ်းဆိုင်ရာကိစ္စရပ်များ၊ အထွေထွေအကြံပေးခြင်း လုပ်ငန်းရပ်များ၊ ပြစ်မှု/ တရားမမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသိသင့်သိထိုက်သော ဥပဒေများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း။

ယခုအချိန်တွင်ဥပဒေသည် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင်ရှိ၍ ဥပဒေကိုလေးစားလိုက်နာပြီး ဥပဒေအသိပညာရှိခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်ကြောင်း၊ သင်တန်းသားအရာရှိများအနေဖြင့် ယခုသင်တန်းတက်ရောက်ခြင်းဖြင့် ရရှိလာသည့်ဗဟုသုတများအား တရားဥပဒေစိုးမိုးရေးအတွက်သော်လည်းကောင်း၊ မိမိဌာနအဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ မိမိအတွက်သော်လည်းကောင်း အကျိုးရှိစွာ အသုံးချနိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ဥပဒေအသိပညာပြန့်ပွားရေးဒီပလိုမာ (Diploma In Legal Advocacy-DLA) သင်တန်းအမှတ်စဉ် (၁) သို့ သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။     

သတင်းစဉ်