Skip to main content

မန္တလေးမြို့၌ ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုသည်မှာ အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ လျော့ပါးစေရေးဟူသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု စက်ဝန်း(Disaster Management Cycle) ပါ လုပ်ငန်းရပ်များသည် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက်၊ သက်ဆိုင်ရာနယ်မြေဒေသအစိုးရအဖွဲ့များအလိုက် စနစ်တကျဖြင့် ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားဆဲ၊ ဘေးဖြစ်ပွားပြီးစသည့် ကာလများပိုင်းခြား၊ စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်ရသည့် စီမံခန့်ခွဲမှုလုပ်ငန်း စဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်များကြောင့် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများအပေါ် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချပြီး ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်သောပညာရေးနှင့် ကျန်းမာရေးကဏ္ဍဖြစ်ထွန်းပေါ်ပေါက်စေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ပါဝင်ပတ်သက်သူများ၊ အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ယခုကဲ့သို့အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၌ သင်တန်းသူများအား မြန်မာ့ရိုးရာမုန့်လုပ်နည်းသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်း စသည့်လက်မှုပညာရပ်များဖြင့် ကျောင်းပြင်ပပညာရေး သင်ကြားပေးနေမှုကိုလည်းကောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၌ ဘာသာစကားနှင့် လက်မှုပညာသင်ကြားနေမှုများကိုလည်းကောင်း၊ သင်တန်းသား သင်တန်းသူ ထမင်းစားဆောင်နှင့် မီးဖိုချောင်တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့မြို့တော်ခန်းမ၌ကျင်းပသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၁၈၆၉၉ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေး ငွေကျပ် ၁၁၀၀ ဒသမ ၀၇၀ သန်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းဂေဟာ၊ ရိပ်သာစုစုပေါင်း ၂၈ ခုနှင့် ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်း ၄၇ ကျောင်းတို့အတွက် ထောက်ပံ့ကြေးငွေကျပ် ၂၈၇ ဒသမ ၀၉၃ သန်း၊ တိုင်းဒေသကြီးအတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူ ၄၇၈၅၁ ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရံပုံငွေမှ ဧပြီ၊ မေနှင့် ဇွန်လအတွက်ထောက်ပံ့ငွေကျပ် ၂၈၇၁ ဒသမ ၀၆ သန်း၊ စုစုပေါင်းငွေကျပ် ၄၂၅၈ ဒသမ ၂၂၃ သန်းကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ကမ္ဘောဇဖောင်ဒေးရှင်းက KBZ Center ၌ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်