နေပြည်တော် စက်တင်ဘာ ၂
လူစီးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ အသင်းပိုင်လယ်မြေဧက ၂၀ ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ဦးစီးဌာနများမှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးစပါးပျိုးထောင်ထားရှိမှု၊ လူစီးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြနေမှုနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုအားပေး၍ လယ်ဝေးမြို့နယ်အတွင်းရှိ မိုးစပါးစိုက်သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက လူစီးကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်များ အသုံးပြုလာနိုင်ခြင်းကြောင့် လုပ်သားရှားပါးမှုကိုဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် ရာသီအလိုက်စိုက်ပျိုးနိုင်သည့် မြေနေရာများတွင် ဈေးကွက်ဝင်သည့် သီးနှံများကို သီးထပ်သုံးသီး စိုက်ပျိုးကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ ဈေးနှုန်းသက်သာစေရေး၊ အရည်အသွေးမှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူးက ၂၀၂၅ ခုနှစ် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ သုံးလအတွက် ကုမ္ပဏီအလိုက်ထောက်ခံပေးထားသည့် မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များ မှတ်တမ်းတင်ပေးနိုင်ရန်၊ ဩဂုတ်လအတွင်းဖြန့်ဖြူးပေးသည့် ဓာတ်မြေဩဇာများအတွက် သွင်းကုန်လိုင်စင်အစားထိုးရရှိရေးနှင့် နိုင်ငံခြားငွေလဲလှယ်ခွင့်ရရှိရေး ထောက်ခံပေးထားမှုအပေါ် မှတ်တမ်းတင်ပေးနိုင်ရန်နှင့် တောင်သူလက်ဝယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချခဲ့သည့် အစီအမံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက မြေဩဇာနှင့် ပိုးသတ်ဆေးများ ဝယ်ယူဖြန့်ဖြူးရောင်းချမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်