Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပဲပုပ်ဆီထုတ်လုပ်သည့်စက်ရုံအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃၁

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ ယုဇနကုမ္ပဏီလီမိတက်၏ ပဲပုပ်ဆီထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ အစည်းအဝေးခန်းမ၌ မန်နေဂျင်းဒါရိုက်တာက စက်ရုံတည်ဆောက်ခဲ့မှု၊ စက်လည်ပတ်၍ ပဲပုပ်ဆီများ ထုတ်လုပ်ခဲ့မှု၊ ကုန်ကြမ်းလုံလောက်စွာ မရရှိသဖြင့် စက်ရုံအား ခေတ္တရပ်ဆိုင်းခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း၌ ကုန်ကြမ်းလုံလောက်စွာ ရရှိနိုင်ရေးအတွက် တောင်သူများလိုအပ်သည့် မျိုး၊ နည်းပညာ၊ စိုက်ပျိုးစရိတ်၊ မြေဩဇာများကို ကြိုတင်ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသမျှသီးနှံများကို ပြည်တွင်း၌ပင် ရောင်းချနိုင်မည်ဆိုပါက ပိုမိုစိုက်ပျိုးလာမည်ဖြစ်ကြောင်း၊ ယခုအခါနိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသဖြင့် စိုက်ပျိုးရေးထွက်ကုန်များမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုပဲပုပ်ဆီစက်ရုံ ပြန်လည်လည်ပတ်လျှင် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိမည့်အပြင် စားသုံးဆီဖူလုံခြင်း၊ တိရစ္ဆာန်အစားအစာများကို ရရှိနိုင်ခြင်းတို့ကြောင့် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားပြီး စက်ရုံအတွင်း၌ စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု၊ ကုန်ကြမ်းများ သိုလှောင်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်