Skip to main content

နေပြည်တော်အတွင်းရှိ သစ်တောစိုက်ခင်းများ၊ သုတေသနစမ်းသပ်ကွက်များနှင့် အမြန်လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၃၁

နေပြည်တော်ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်း အမှတ် (၅) မိုးစွေ၌ သင်တန်းသားအိပ်ဆောင်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် ပလွေးကြိုးဝိုင်း အကွက်အမှတ် (၇၆) ရှိ ၁/၂၀၁၇ စီးပွားရေးကျွန်းစိုက်ခင်းဧက ၁၀၀ သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပင်ကျပ်နုတ်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ပလွေးကြိုးဝိုင်းအကွက်အမှတ် (၇၇) ရှိ ၁/၂၀၂၀ စီးပွားရေး ကျွန်းစိုက်ခင်း ဧက ၁၅၀ သို့ သွားရောက်၍ စိုက်ခင်းအောင်မြင်ဖြစ်ထွန်းမှုနှင့် ပင်ကျပ်နုတ်ခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားများ၏ ပင်ကျပ်နုတ်ခြင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်းအတွင်း သစ်တောသုတေသနဌာနက တည်ထောင်ထားသော ပန္နက်အကွာအဝေးစမ်းသပ်ကွက် ၂ ဒသမ ၅ ဧကအတွင်း ပန္နက်အကွာအဝေးအလိုက် အပင်များ၏ အမြင့်နှင့် လုံးပတ်ကွာခြားမှု၊ ကျွန်းအနက်စင်းသုတေသနစမ်းသပ်ကွက် ခြောက်ဧက၊ ပိတောက်ကိုင်းချိုင် သုတေသနစမ်းသပ်ကွက် ၁၀ ဧကနှင့် ဝါးမျိုးစုံ သုတေသနစမ်းသပ်ကွက် ၁၅ ဧကအတွင်း ဝါးရုံများ ပြုပြင်ခြင်း၊ မြေနေရာပြုပြင်ခြင်းဖြင့် ကျွန်းပင်များ၏ ကြီးထွားမှုအပေါ် သက်ရောက်မှုကို လေ့လာခြင်း၊ သုတေသနစမ်းသပ်စိုက်ခင်း ၁၀ ဧကနှင့် ကျွန်းမျိုး သန့်ဥယျာဉ် ၁၀ ဧကတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ သစ်တောသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးအတွက် စနစ်ကျသော စီမံအုပ်ချုပ်မှုများ ချမှတ်နိုင်ရန် သုတေသနလုပ်ငန်းများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ရရှိလာသော သုတေသနရလဒ်များအပေါ် အခြေခံ၍ လက်တွေ့နယ်ပယ်အသီးသီးတွင် အသုံးချဆောင်ရွက်သွားရန်နှင့် သုတေသနစမ်းသပ်ကွက်အသစ်များ ဖော်ထုတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အတူ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသော မိုင်တိုင် (၂၁၉/၆) ရှိ တစ်အုပ်တစ်မစိုက်ခင်းငါးဧက ရှင်သန်အောင်မြင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမြန်လမ်းဘေးဝဲယာနှင့် ကားလမ်းဘေးဝဲယာများ စိမ်းလန်းစိုပြည်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်ရှိ ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သော ရေဝေရေလဲစိုက်ခင်း ဧက ၅၀ သို့ သွားရောက်၍ စိုက်ခင်းရှင်သန်အောင်မြင်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်