Skip to main content

မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးနှင့် အသားထုတ်လုပ်မှုကဏ္ဍ မြှင့်တင်နိုင်ရေး အားပေးဆောင်ရွက်

နေပြည်တော် ဩဂုတ် ၃၁

နေပြည်တော်ကောင်စီနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးနှင့် အသားထုတ်လုပ်မှုကဏ္ဍမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့တွင် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေးအမြန်လမ်း ၂၁၆ မိုင် (၅) ဖာလုံရှိ အဆင့်မြင့်နို့စားနွား မွေးမြူရေးခြံတွင် Holstein Friesian နို့စားနွားမျိုးများကို အလုံပိတ်အအေးပေးစနစ်ဖြင့် မွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး နို့စားနွားများကို ယူနစ်အလိုက် တိုးချဲ့မွေးမြူရေး၊ တစ်နိုင်မွေးမြူသူ တောင်သူများကို မွေးနည်းစနစ်နှင့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးနိုင်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် တောင်ညိုကျေးရွာရှိ ပုဂ္ဂလိကဥစားကြက်မွေးမြူရေးခြံတွင် ဥစားကြက်ကောင်ရေ ၈၅၀၀ မွေးမြူထားရှိမှုနှင့် ဒေသတွင်းကြက်ဥဖြန့်ဖြူးပေး နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းသက်သာစေရေး၊ သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ စမ်းဝတီသဘာဝမြေဩဇာနှင့် နို့စားနွားမွေးမြူရေးခြံသို့ သွားရောက်၍ သဘာဝမြေဩဇာ၊ Compound ဓာတ်မြေဩဇာများ ထုတ်လုပ်နေမှု၊ တစ်နှစ်လျှင် ကီလို ၅၀ အိတ် ၁၀၉၅၀၀ ဖြန့်ဖြူးပေးနေမှုနှင့် နို့စားနွား ၂၂ ကောင် မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးအားပေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လယ်ယာဘေးထွက်ပစ္စည်းများမှ တိရစ္ဆာန်အစာဖြည့်ဆည်းပေးခြင်းနှင့် တိရစ္ဆာန်အညစ်အကြေးမှ သဘာဝမြေဩဇာအဖြစ် အသုံးပြုခြင်းပါဝင်သည့် လှည့်ပတ်သုံးစွဲနည်းစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး တောင်သူမှ တောင်သူတိုးချဲ့ပညာပေးရေး၊ မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်