Skip to main content

(၈၁) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့် ကျင်းပ

နေပြည်တော် ဩဂုတ် ၃၁

(၈၁) ကြိမ်မြောက် ကျင်းပသည့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် ဦးဆောင်သော ပညာရှင်များက “အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေဆိုင်ရာ သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆင့်ကဲဆင့်ကဲမျှဝေ

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အပင်မျိုးသစ်ကာကွယ်ရေးဥပဒေသည် မျိုးမွေးမြူထုတ်လုပ်သူတစ်ဦးချင်း၏ ကြိုးပမ်းအားထုတ်မှု ကာယ၊ ဉာဏစွမ်းအားများကို အသိအမှတ်ပြု ကာကွယ်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါဥပဒေပြဋ္ဌာန်းထားသည့်အတွက် နိုင်ငံအတွက်လည်း များစွာအကျိုးရှိ မည်ဖြစ်သကဲ့သို့ တိုင်းရင်းဒေသ မျိုးများကိုလည်း သက်ဆိုင်ရာဥပဒေမူဘောင်များနှင့်အညီ ထိန်းသိမ်းကာကွယ်ထားနိုင်မည်ဖြစ်၍ ယခုထက် ပို၍နည်းလမ်းမျိုးစုံဖြင့် အကျိုးတူမျှဝေ (BenefitSharing) အသုံးပြုသွားကြရန်လိုအပ်ကြောင်း၊ တောင်သူများ ပညာရှင်များ သိသင့်သော ဥပဒေအသိပညာများကို မျှဝေရန် ရည်ရွယ်ချက်ဖြင့် ယနေ့ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့် သိလိုသည်များကို မေးမြန်းကြရန်နှင့် ဆွေးနွေးပွဲမှ သိရှိလာသော အသိပညာများကို ဆင့်ကဲဆင့်ကဲမျှဝေပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဝိုင်းဝန်းဖြေကြားဆွေးနွေး

ယင်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်မျိုးသစ်အကာအကွယ်ပေးရေးဌာနမှ ဒေါ်ခင်စန္ဒာချိုက “အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေခေါင်းစဉ်ဖြင့်” ဆွေးနွေးပြီး အခမ်းအနားတက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းဖြေကြားဆွေးနွေးကာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သီးနှံ) ဒေါက်တာ ပပဝင်းက နိဂုံးချုပ်စကားပြောကြားသည်။

(၈၁) ကြိမ်မြောက် ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်နှင့် သုတေသီများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ နေပြည်တောကောင်စီနယ်မြေမှ တောင်သူများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ (ပြည့်ဝ၊ နွယ်မင်းလတ်၊ လင်းရတနာ၊ New Asia၊ ထိပ်အေဝမ်း၊ ပြည့်ဖြိုး၊ Golden sunland) မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပညာရှင်များနှင့် ရေနံချောင်း၊ တောင်တွင်းကြီး၊ မြိတ်၊ စလင်း၊ မြို့သစ်မြို့များမှ တောင်သူ ၂၅ ဦး တို့က zoon point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်