Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံတွင် ကြိုးတံတားကြီးများ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းနည်းစနစ်များ သွားရောက်လေ့လာ

နေပြည်တော် ဩဂုတ် ၃၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ခြင်း စီမံကိန်းနှင့်စပ်လျဉ်း၍ သံမဏိကြိုးဆိုင်း (Cable Stayed) တံတားကြီးများ၏ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းနည်းစနစ်များကို သွားရောက်လေ့လာရန် ဩဂုတ် ၂၅ ရက် ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး လေ့လာခြင်းအစီအစဉ်များ ပြီးဆုံးသဖြင့် ဩဂုတ် ၃၀ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

အပြန်အလှန်ဆွေးနွေး

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားကို တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီနှင့် တံတား၏ အရည်အသွေးစစ်ဆေး၍ တည်ဆောက်မှုအကြံပေးအင်ဂျင်နီယာအဖြစ် ဆောင်ရွက်နေသော ကုမ္ပဏီတို့ကို တွေ့ဆုံ၍ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းများ ဆောင်ရွက်စဉ်တွေ့ကြုံရသည့် အခြေအနေများ၊ အားနည်းချက်အားသာချက်များ၊ တံတားတည်ဆောက်ခြင်းပြီးစီးပြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆက်လက်ဆောင်ရွက်သွားရမည့် ထိန်းသိမ်းခြင်းနည်းစနစ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။

မေးမြန်းဆွေးနွေး

ဆက်လက်၍ ကိုရီးယားသမ္မတနိုင်ငံတစ်ဝန်းရှိ တံတားကြီးများကို စောင့်ကြည့်ထိန်းသိမ်းခြင်း ဆောင်ရွက်နေသည့် မုတ်ခ်ပို (Mokpo) မြို့ရှိ Korea Authority of Land & Infrastructure Safety (KALIS) ရုံးချုပ်အဆောက်အအုံသို့ သွားရောက်၍ တံတားများ အရွယ်အစားအလိုက် အမျိုးအစားသတ်မှတ်ခြင်း၊ Super Bridge အဖြစ် သတ်မှတ်ထားသော သံမဏိကြိုးဆိုင်း (Cable Stayed) တံတားကြီးများ၏ ရေရှည်တည်တံ့စေရေးအတွက် ပုံမှန်ဆောင်ရွက်ရသည့် ထိန်းသိမ်းခြင်းနည်းစနစ်များ၊ နည်းပညာအကူအညီဖြင့် စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်း၊ အချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တံတားကြီးများ တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်၍ တည်ဆောက်စဉ်ကာလနှင့် တည်ဆောက်ပြီး ကာလတို့တွင် စောင့်ကြည့်ထိန်းသိမ်းမှုနည်းစနစ်များ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သံမဏိကြိုးဆိုင်း တံတားကြီးများတည်ဆောက်ခြင်းဆိုင်ရာ ဒီဇိုင်းနည်းပညာများတွင် စောင့်ကြည့်ထိန်းသိမ်းခြင်း နည်းပညာများကို တစ်ပါတည်းထည့်သွင်းဆောင်ရွက်သည့် အခြေအနေများကို လေ့လာကြသည်။

သိရှိလိုသည်များကိုမေးမြန်း

ယင်းနောက် ပြည်‌ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အန်ယန်း (Anyang) မြို့ရှိ Anyang Smart City Intregration Centre သို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက အန်ယန်းမြို့ကို Smart City အဖြစ် ၁၀ စုနှစ် တစ်ခုအထိ အချိန်ယူ၍ တည်ဆောက်ခဲ့သည့် အခြေအနေ၊ တိုးတက်လာသည့် AI နည်းပညာအသုံးပြု၍ ခေတ်မီသော စမတ်မြို့တော်အဖြစ် ဆောင်ရွက်ထားသည့် အခြေအနေ၊ မြို့တွင်းရှိ လူမှုပတ်ဝန်းကျင်စောင့်ကြည့်ကင်မရာစနစ်များ အသုံးပြု၍ ဘေးကင်းလုံခြုံမှုနှင့် အခြားလိုအပ်ချက်များ ပံ့ပိုးဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

လိုက်လံကြည့်ရှုလေ့လာ

ထို့နောက် ဟန်မြစ်ကိုအခြေခံ၍ ဆိုးလ်မြို့ကို ခေတ်မီသော မြို့တစ်မြို့အဖြစ် အကောင်အထည်ဖော်တည်ဆောက်ထားသည့်အခြေအနေ၊ ကိုရီးယားနန်းတော်ဟောင်းကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းဆောင်ရွက်ထားရှိသည့် အခြေအနေ၊ ရှေးဟောင်းအဆောက်အအုံများ ခေတ်မီနည်းပညာများဖြင့် ရှေးမူမပျက် ပြင်ဆင်ထားရှိသည့်အခြေအနေတို့ကို လိုက်လံကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဝေးပြေးလမ်းမကြီးများနှင့် မြို့တွင်းလမ်းများတွင် ဒီဇိုင်းပြုလုပ်တည်ဆောက်ထားရှိသည့်အခြေအနေများ၊ လမ်းပခုံးနှင့် ပလက်ဖောင်းများ၊ လမ်းညွှန်းနှင့် လမ်းအမှတ်အသားများ ဆောင်ရွက်ထားသည့် အခြေအနေများကို လမ်းမကြီးများတစ်လျှောက် လေ့လာကြသည်။

ယင်းနောက် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုဆက်စပ်လုပ်ကိုင်နေသော ကိုရီးယားကုမ္ပဏီများနှင့် တွေ့ဆုံ၍ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ လမ်း၊ တံတားနှင့် မြို့ပြဖွံ့ဖြိုးမှုကဏ္ဍတွင် တည်ဆောက်ရေးနည်းပညာဆိုင်ရာများ မျှဝေဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်