Skip to main content

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃၁

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့အတွင်းရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ အလုံမြို့နယ်ရှိ Myanmar Ahlone Power Plant Co.,Ltd. နှင့် Toyo Thai Power Myanmar Co., Ltd.တို့မှ လည်ပတ်မောင်းနှင်လျက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံများသို့ သွားရောက်၍ ရှင်းလင်းဆောင်တွင် သက်ဆိုင်ရာကုမ္ပဏီတို့မှ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်ငွေ့ရရှိသုံးစွဲမှု၊ ဓာတ်အားပေးစက်များ မောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ်ပေးနေမှုနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံများ၏ စက်တပ်ဆင်အင်အားသည် လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍရှိ စုစုပေါင်းတပ်ဆင်အင်အား၏ ၄၀ ရာခိုင်နှုန်းခန့်ရှိပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေးကဏ္ဍပြီးလျှင် ဒုတိယမြောက် အများဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရေးအတွက် ဓာတ်အားထုတ်လုပ်မှု ပြတ်တောက်မှုမရှိစေရေး၊ သတ်မှတ်စက်စွမ်းရည်ပြည့်မောင်းနှင်နိုင်ရေးနှင့် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ်ထုတ်လုပ်နိုင်ရန်အတွက် စက်များ ပြုပြင်ထိန်းသိမ်းရေးကို စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်ကြစေလိုကြောင်း၊ စက်များ ချွတ်ယွင်းမှုဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများ ထားရှိဆောင်ရွက်စေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားပမာဏများစွာ အသုံးပြုသည့် စက်ရုံ၊ အလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းအများအပြားရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံများမှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် Myanmar Ahlone Power Plant ၁၈၃ မဂ္ဂါဝပ်နှင့် Toyo Thai Power Myanmar ၁၂၁ မဂ္ဂါဝပ်စက်ရုံများ၏ Gas Turbine နှင့် Steam Turbine တို့မှ ဓာတ်အားထုတ်လုပ်လျက်ရှိသည့် အခြေအနေများနှင့် ဓာတ်အားထုပ်လုပ်မှုထိန်းညှိခန်း (Control Room) အတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများကို အမှတ်တရသစ်သီးခြင်းများ ပေးအပ်သည်။

ထို့နောက် သာကေတမြို့နယ်ရှိ U Energy Thaketa Power Co.,Ltd.နှင့် MaxPower (Thaketa) Co.,Ltd. တို့မှ လည်ပတ်မောင်းနှင်လျက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံများသို့ ရောက်ရှိရာ ဓာတ်အားပေးစက်ရုံရှိ ရှင်းလင်းဆောင်၌ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံအသီးသီး၏ လက်ရှိထုတ်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူတို့က ဖြည့်စွက်ရှင်းလင်းတင်ပြရာ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်သဘာဝဓာတ်ငွေ့အပြည့်အဝရရှိရေး သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက်ကြရန်၊ သဘာဝဓာတ်ငွေ့သည် စျေးနှုန်းကြီးမြင့်သော စွမ်းအင်အရင်းအမြစ် ဖြစ်သည့်အတွက် လေလွင့်မှုနည်းပါးစေရန် ဓာတ်အားပေးစက်များ စက်စွမ်းရည်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး စက်ရုံဝန်ထမ်းများကို အမှတ်တရသစ်သီးခြင်းများ ပေးအပ်သည်။

ဆက်လက်၍ U Energy Thaketa Power၏ Gas Turbine နှင့် Steam Turbine တို့မှ ၁၁၉ ဒသမ ၇၃ မဂ္ဂါဝပ် ထုတ်လုပ်သည့် စက်ရုံနှင့် MaxPower (Thaketa) ၏ Gas Engine ၁၆ လုံးဖြင့် ၅၃ ဒသမ ၆ မဂ္ဂါဝပ်ထုတ်လုပ်သည့် စက်ရုံများ၏ စက်ရုံတည်ဆောက်ထားရှိမှု၊ လက်ရှိထုတ်လုပ်လျက်ရှိသည့် အခြေအနေများနှင့် ဓာတ်အားထုပ်လုပ်မှုထိန်းညှိခန်း (Control Room) အတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြပြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။

သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံများဖြစ်သည့် အလုံမြို့နယ်ရှိ Myanmar Ahlone Power Plant ၊ Toyo Thai Power Myanmar နှင့် သာကေတမြို့နယ်ရှိ U Energy Thaketa Power Plant နှင့် MaxPower (Thaketa) စက်ရုံတို့သည် အမျိုးသားဓာတ်အားကွန်ရက်ဖြင့် ချိတ်ဆက်၍ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား ၄၂၈ မဂ္ဂါဝပ် ထုတ်လုပ်ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်