နေပြည်တော် အောက်တိုဘာ ၂၈
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေသည့်ကာလအတွင်း ဘိုးဘွားရိပ်သာများတွင် လက်ခံ စောင့်ရှောက်ထားသော သက်ကြီးရွယ်အိုများအား စနစ်တကျပြုစုစောင့်ရှောက်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရိပ်သာတာဝန်ခံများ၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှု ဝန်ထမ်းဦးစီးမှူးများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေကြောင်း၊ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံ နေရသူများလည်းရှိကြောင်း၊ ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင် ရောဂါပိုးရှိသည်ဟု မှတ်ယူပြီး ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန်ဖြစ်ကြောင်း၊ အသက်အရွယ်ကြီးရင့်သူများအနေဖြင့် ရောဂါပိုးကူးစက်ခံရပါက အသက်အန္တရာယ်ရှိနိုင်ပါကြောင်း၊ ထို့ကြောင့် သက်ကြီးရွယ်အိုများကို ပြုစုစောင့် ရှောက်ရာတွင် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘိုးဘွားရိပ်သာ တာဝန်ရှိသူများ အနေဖြင့်လည်း လိုအပ်သည့် ကာကွယ်ခြင်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန် ထားသော စည်းမျဉ်း/ စည်းကမ်းများ၊ သတ်မှတ်ညွှန်ကြားချက်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ပြုစုပေးပို့ထားသော စံလုပ်ငန်းလမ်းညွှန် အတိုင်း စနစ်တကျ အကောင်အထည်ဖော်လိုက်နာ ဆောင်ရွက်ကြမှသာ ကိုဗစ်-၁၉ ကာလအတွင်း ဘိုးဘွားများ အန္တရာယ် ကင်းမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က ဘိုးဘွားရိပ်သာ များတွင် လက်ခံစောင့်ရှောက်ပေးထားသော သက်ကြီးရွယ်အိုများကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွား နေသည့် ကာလအတွင်း ပြုစုစောင့်ရှောက်ရန် စံလုပ်ငန်းလမ်းညွှန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ရိပ်သာ တာဝန်ခံများက မိမိတို့သိရှိလိုသည်များနှင့် လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် p အဖွဲ့သည် ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့ကြေးငွေ ခံစားရရှိသော မသန်စွမ်းသက်ကြီး ဘိုးဘွားများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူ့ဘဝစက်ဝန်းတစ်လျှောက် ပဋိသန္ဓေတည်စမှစ၍ သက်ကြီးရွယ်အိုအထိ လူတစ်ဦးချင်း၏ အခွင့်အရေးကို ခံစားရရှိနိုင်ရန် မူဝါဒ၊ ဥပဒေများချမှတ်၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ၂၀၁၆ သက်ကြီးရွယ်အိုဥပဒေအရ အကျုံး ဝင်သော သက်ကြီးရွယ်အိုအားလုံး သာတူညီမျှခံစားရရှိစေရန် လစဉ်လူမှုရေးပင်စင်ကို ပေးအပ် ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း လစဉ်ခံစားရရှိသည့် လူမှုရေးပင်စင်အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ဘဏ္ဍာငွေမှ အသက် (၆၀) နှင့်အထက် မသန်စွမ်းသူ ဘိုးဘွားများနှင့် ခိုကိုးရာမဲ့ဘိုးဘွားများ စုစုပေါင်း (၃,၃၉၇) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်း (၃၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ ငွေကျပ် (၁၀၁ ဒသမ ၉) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ကာလအတွင်း ငွေကြေး ထောက်ပံ့မှု ခံစားရရှိသည့်အပြင် ဘိုးဘွားများ အန္တရာယ် ကင်းစေရန်လည်း အသိ၊ သတိဖြင့် နေထိုင်ခြင်း၊ မိသားစုဝင်များနှင့် သက်ကြီးရွယ်အိုများကို ကူညီစောင့်ရှောက်ပေး နေကြသူများကလည်း သက်ကြီးရွယ်အိုများအပေါ် အထူးအလေးထား စောင့်ရှောက် ပေးကြရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့် အညီ နေထိုင်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာသက်ကြီး ချိတ်ဆက်ကွန်ရက်အဖွဲ့၊ မြန်မာသက်ကြီးအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့၊ သက်ကြီးရွယ်အိုများ ထောက်ပံ့ကြေးရရှိရန် ပံ့ပိုးကူညီကြသူ များနှင့် အမြင်အာရုံနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)