နေပြည်တော် ဩဂုတ် ၁၄
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြန်မာစကိတ်အားကစားတိုးတက်ဖွံ့ဖြိုးရေးနှင့် H.T.V Sports Channel သတင်းရိုက်ကူးရေး ဆိုင်ရာတာဝန်ရှိသူများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဦးစွာ မြန်မာနိုင်ငံစကိတ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က မြန်မာစကိတ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး၊ (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရေးနှင့် အောင်နိုင်ရေးအတွက် အဖွဲ့ချုပ်အနေဖြင့် လုပ်ငန်းဆောင်ရွက်နေမှု၊ Roll Ball အားကစားအဖွဲ့ ဖွဲ့စည်းခွင့်ရရှိရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လေ့ကျင့်ရေးကွင်းရရှိရေးနှင့် ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်ညှိနှိုင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် H.T.V Sports Channel သတင်းရိုက်ကူးရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ H.T.V Sports Channel မှ (CEO) ဦးဇေယျာမင်းနှင့် တာဝန်ရှိသူတို့က Hey Play Channel တွင် လက်ရှိရိုက်ကူးထုတ်လွှင့်နေမှု၊ တိုက်ရိုက်(Live)ရိုက်ကူး ထုတ်လွှင့်ပြသပေးလျက်ရှိသည့် အားကစားနည်းများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ ပြိုင်ပွဲကာလအတွင်း ယှဉ်ပြိုင်နေမှု၊ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည့် အားကစားနည်းများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက အများပြည်သူစိတ်ဝင်စားသည့် အားကစားနည်းများဖြစ်သော ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ကွင်းသွင်းခြင်း၊ ပြေးခုန်ပစ်၊ အလေးမ၊ လှေလှော်၊ ဘိလိယက်နှင့် စနူကာ၊ ပီတန်း၊ မြားပစ်၊ သေနတ်ပစ်၊ ကဘာဒီနှင့် တက်ဂ်ဘော စသည့် အားကစားနည်းများနှင့် ကိုယ်ခံ ပညာ(အတိုက်) အားကစားနည်းများဖြစ်သော တိုက်ကွမ်ဒို၊ ဂျူဒို၊ ပန်ကြပ်ဆီလပ်၊ ကစ်ဘောင်ဆင်၊ မွေနှင့် ဝူရှူး စသည့် အားကစားနည်းတို့ကို တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်နိုင်ရေးနှင့် လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေး ဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်