ညောင်လေးပင်အောက်တိုဘာ၂၈
ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ် အင်ကုန်းကျေးရွာအုပ်စုနှင့် ရေတွင်းကုန်းကျေးရွာအုပ်စုနှစ်ခု ကြားရှိကျေးရွာချင်းဆက်တံတားပြိုကျပျက်စီးမှုအားပြန်လည် တည်ဆောက်ရန်အတွက် အောက်တိုဘာလ ၂၇ရက် မွန်းလွဲ၁နာရီအချိန်ကမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်းရှေ့၌ ထောက်ပံ့ငွေပေး အပ်ခဲ့ကြောင်းသိရသည်။ ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနော်မိုင်လှကြည်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပန်းအိခိုင်နှင့်တာဝန်ရှိသူများက ကျေးရွာချင်းဆက်တံတားပြန်လည် တည်ဆောက်ရန် အတွက်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သော ငွေ၉၉၈၄၆၅၉ ကျပ်အား တံတားဖြစ်မြောက်ရေး ကော်မတီထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါတံတားသည်အင်ကုန်းကျေးရွာအုပ်စုနှင့် ရေတွင်းကုန်းကျေးရွာအုပ်စု နှစ်ခုကြားရှိချိန်းချောင်း ကိုဖြတ်၍ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော တံတားဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်ညနေ၄နာရီ အချိန်ခန့်က ချောင်းကမ်းပါးပြိုကျမှုကြောင့် ရုတ်တရက်ပြိုကျပျက်စီးခဲ့သဖြင့် အဆိုပါတံတားနေရာတွင် အရှည် ပေ၁၁၀၊အကျယ်၈ပေ၊အမြင့်၂၃ပေရှိသစ်သားတံတားအား ပြန်လည်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
သက်လွင်(ညောင်လေးပင်)