Skip to main content

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေး အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၁၃

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေး အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံ၌ ကျင်းပမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ လေ့ကျင့်မှုကို အထောက်အကူပြုမည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရန်နှင့် မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် အားကစားနည်းများအလိုက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်၊ နည်းပြများ၏ လေ့ကျင့်ဆောင်ရွက်နေမှု၊ စံချိန်၊ စံညွှန်းတိုးတက်မှု၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းလိုအပ်မှု၊ ပြိုင်ပွဲဝင်ဝတ်စုံများနှင့် အထောက်အကူပြုပစ္စည်းများ အချိန်မီရရှိစေရေးဆောင်ရွက်ထားရှိမှု၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုများကိုတင်ပြကြရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ယခင်လအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေဆဲလုပ်ငန်းများ၊ လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို တင်ပြကြပြီး ဒုတိယဝန်ကြီးများက အားကစားအဖွဲ့ချုပ်များ၊ အားကစားပိုင်းဆိုင်ရာနှင့် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေး၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရေး မှာကြားသည်။

သတင်းစဉ်