Skip to main content

လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် စတင်တည်ဆောက်ခြင်း ကနဦးအလုပ်ရုံ ဆွေးနွေးပွဲကို အွန်လိုင်းစနစ်ဖြင့် ကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၂၇

လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် စတင်တည်ဆောက်ခြင်း ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အွန်းလိုင်စနစ်ဖြင့် ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရအနေဖြင့် E-government စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်အတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေနှင့် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် ပုံမှန်ဆောင်ရွက်လျက်ရှိသော နည်းလမ်းများမှ ဒစ်ဂျစ်တယ်နည်းလမ်းများကို ပြောင်းလဲ၍ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ပြောင်းလဲ ဆောင်ရွက်ရာတွင် လူမှုရေး ဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Social Management Information System – SMIS) ၏ အခန်း ကဏ္ဍသည် အရေးကြီးပါကြောင်း၊ အဆိုပါစနစ်တည်ဆောက် နိုင်ရန်အတွက် လိုအပ်ချက်များကို ဆန်းစစ်ခြင်း၊ ဒီဇိုင်း ရေးဆွဲခြင်းနှင့် စနစ်တည်ဆောက်ရေး တို့အတွက် တင်ဒါ ခေါ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ တင်ဒါအောင်မြင်သည့် Development Pathways အကြံပေးအဖွဲ့က စနစ်တည်ဆောက်ခြင်းကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ စနစ်တည်ဆောက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ၊ ရန်ပုံငွေပိုင်းဆိုင်ရာ ရေရှည်တည်တံ့ နိုင်သည့် စနစ်မျိုးဖြစ်စေရန် ကြိုတင်စဉ်းစား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သတ်မှတ် အချိန်ကာလအတွင်း ပြီးစီးအောင် တည်ဆောက် နိုင်ရေးအတွက်လည်း အလေးထား ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ယူနီဆက်(မြန်မာ)မှ ဌာနေကိုယ်စား လှယ် Ms. June Kunugi က လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် စတင်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုစကား ပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများက စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် တည်ထောင်ခြင်းဆိုင်ရာ ဝန်ကြီးဌာန အလိုက် အတွေ့အကြုံများကို ရှင်းလင်း ပြောကြား၍ အကြုံပြုဆွေးနွေးကြသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးနှင့် စနစ်တည်ဆောက်ရေး အတွက် တင်ဒါအောင်မြင်ခဲ့သော Development Path-ways အဖွဲ့တို့မှ တာဝန်ရှိသူများက လူမှုရေးဆိုင်ရာ စီမံ ခန့်ခွဲမှု သတင်းအချက်အလက်စနစ် စတင်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများ က ပြန်လည်အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်