လူ့ဘဝတွင် ပြိုင်ဆိုင်ကြရသည်တို့နှင့် ရံဖန်ရံခါ၌ ကြုံကြိုက်ရလေ့ရှိ၏။ မိမိလိုချင်သော ပညာရပ်ကို ဆက်လက်သင်ကြားခွင့်ရရန် ထိုစနစ်က ဖန်တီးထားသည့်အတိုင်း ပြိုင်ရသည်မျိုးရှိ၏။ ပညာသင်ကြားရေးတွင်လည်း ငွေကြေးအင်အားနည်းပါးသူ အနည်းငယ်မျှတို့သာ ရနိုင်သော ပညာသင်ထောက်ပံ့ကြေးကို လိုချင်သူတို့ကြား ပြိုင်ဆိုင်ရရှိကြရသည် မျိုးလည်း ရှိ၏။
ထို့နည်းတူပင် အလုပ်လိုသူအရေအတွက်နှင့် လိုအပ်နေသည့် အလုပ် နေရာ မမျှတသည့်အခါ ထိုအလုပ်အကိုင်နေရာကို ပြိုင်ကြရသည်လည်း ရှိ၏။ စီးပွားရေးလုပ်ငန်းရှင်များကြားတွင် မိမိတာဝန်ယူ လုပ်ကိုင်လိုသော စီမံကိန်းများကိုရရှိရေးအတွက် တင်ဒါအနိုင်ရရှိရေး ပြိုင်ကြရသည်လည်း ရှိ၏။
ပညာရေး၊ စီးပွားရေးသာမက အခြားအခြားသော နယ်ပယ်တို့တွင် လည်း ပြိုင်ကြဆိုင်ကြရသည့် နည်းတူ နိုင်ငံရေးနယ်ပယ်တွင်လည်း သည်လိုပင်ပြိုင်ရသည်တို့ ရှိနေ၏။ မိမိတို့၏နိုင်ငံနှင့် နိုင်ငံသားတို့အတွက် ယုံကြည်ချက်၊ မူဝါဒလမ်းစဉ်တို့ကို ကိုင်စွဲကာ အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံသားတို့၏ယုံကြည်မှု၊ တာဝန်လွှဲအပ်မှု ခံယူရရေးကို နိုင်ငံရေး ခေါင်းဆောင်တို့ ရွေးကောက်ပွဲများတွင် ပြိုင်ကြရ၏။
ယခုလောလောဆယ်တွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ရှိနေသကဲ့သို့ အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲကလည်း တစ်ချိန် တည်းလောက်နီးနီး ကျင်းပဖို့ရှိရာ သမ္မတလောင်း နှစ်ဦးတို့ အပြိုင်အဆိုင် မဲဆွယ်ကြ၊ စကားစစ်ထိုးနေကြသည်များကို သတင်းများတွင် တွေ့မြင် နေရ၏။ မြန်မာနိုင်ငံတွင်း၌လည်း ပါတီခေါင်းဆောင်တို့က ကိုဗစ်ပိုး ကူးစက်ပြန့်ပွားမှု တားဆီး ကာကွယ်နိုင်ရေးကို ဦးတည်ကာ လူစုလူဝေး မလုပ်ကြရန် မေတ္တာရပ်ခံတားမြစ်နေသည့်ကြားက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ အပြိုင်အဆိုင် ပြုလုပ်နေကြသည်ကိုလည်း တွေ့နေရ၏။
မည်သို့သောအကြောင်းကြောင့် ပြိုင်ဆိုင်ကြရသည်ဖြစ်စေ မျှတသော ပြိုင်ဆိုင်မှုက အရေးကြီးပါသည်။ ထို့နည်းတူ ယှဉ်ပြိုင်ကြသူတို့ ကြားရှိ လူကြီးလူကောင်းစိတ်ဓာတ်ဖြင့် ပြိုင်ဆိုင်မှုကလည်း အရေးကြီး ပါသည်။
လူကြီးလူကောင်းစိတ်ဓာတ်ဆိုသည်မှာ ပြိုင်ပွဲစည်းကမ်းကို နားလည်လိုက်နာရုံမျှမက၊ မိမိ၏ပြိုင်ဘက်ပေါ်တွင်ထားရှိသော ယဉ်ကျေးသည့်အမြင်၊ မျှတလိုသည့်သဘောထား၊ မဟုတ်မတရားနည်း၊ အဓမ္မနည်း ဖြင့် အနိုင်မယူလိုသည့် စိတ်ဓာတ် စသည်တို့ကို ဆိုလိုခြင်းဖြစ်ပါသည်။ သန့်ရှင်းဖြူစင်သော အခြေခံနှလုံးသားပေါ်တွင် တည်မှီနေသည့် ရင့်သန်သော လူကြီးလူကောင်း စိတ်ဓာတ်ကို ထူထောင်ရမည်ဖြစ်ပါသည်။
တစ်နည်းအားဖြင့် အားကစားသမားစိတ်ဓာတ်ဟုခေါ်ဝေါ်အသုံးပြု တင်စားလေ့ရှိ၏။ ယင်းသို့သော လူကြီးလူကောင်းစိတ်ဓာတ်မျိုးကို အားကစားပွဲများတွင် အများအားဖြင့် တွေ့မြင်ရမည် ဖြစ်ပါသည်။ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပြိုင်ဆိုင်ကြရသော အားကစား ပွဲများတွင် အားကစားသမား အချင်းချင်းကြားတွင် မတရားအနိုင်မယူ လိုခြင်း၊ ရှုံးနိမ့်သည်ဖြစ်စေ၊ အနိုင်ရသည်ဖြစ်စေ ပြိုင်ဘက်ကစားသမားကို သို့မဟုတ်ပြိုင်ဘက်အားကစားအဖွဲ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံခြင်း တို့ကို ပဓာနထား ပြိုင်ဆိုင်ကြပါသည်။
ယှဉ်ပြိုင်နေချိန်တွင် အားကစားသမားများသည် အချင်းချင်း ရေကုန် ရေခန်း မလျှော့တမ်း ပြိုင်ဆိုင်ကြ၏။ မလျှော့တမ်းဆိုသည်မှာ မတရား သဖြင့် အနိုင်ယူရန်ကြိုးစားခြင်း မဟုတ်ပါ။ ပြိုင်ပွဲ၏ စည်းကမ်းကို လိုက်နာရင်း အင်တိုက်အားတိုက် ပြိုင်ခြင်းဖြစ်ပါ၏။ တစ်ပြိုင်နက်တည်းတွင် ပြိုင်ဘက်ကို လေးလေးစားစား သဘောထားပါသည်။ ထို့ကြောင့် ကမ္ဘာတစ်ခုလုံးတွင် အားကစားသမား စိတ်ဓာတ်ဟု တန်ဖိုးထားသုံးနှုန်းကာ အလေးအမြတ်ပြုကြခြင်း ဖြစ်ပါသည်။
ယနေ့ မြန်မာနိုင်ငံတွင်း ကျင်းပပြိုင်ဆိုင်ကြမည့် အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံရေးအရ ပြိုင်ကြရသည်ဖြစ်သောကြောင့် အားကစားပြိုင်ပွဲထက် များစွာအလေးအနက် သဘောထားကာ ရင့်ကျက် စိတ်များထားကြဖို့ လိုပါမည်။
ယခု ရွေးကောက်ပွဲသည် နိုင်ငံ့အရေးအတွက် ပြည်သူလူထု၏ ယုံကြည်မှုနှင့်ထောက်ခံမှုကို ခံယူသည့် ပွဲဖြစ်ပါသည်။ နိုင်ငံ့ကောင်းကျိုး၊ နိုင်ငံသူနိုင်ငံသားတို့၏ ကောင်းကျိုးရရှိရေးက မိမိအနိုင်ရရေးထက် များစွာ၊ များစွာ ပို၍အရေးကြီးသည်ဟု နားလည်လက်ခံသည့် စိတ်ဓာတ် ထားရှိရန်လိုပါသည်။ နိုင်ငံရေးသမားတို့တွင်ထိုသို့သောလူကြီးလူကောင်း ၊ စိတ်ဓာတ်များ ရှိကြရန်လည်း ပြည်သူလူထုက မျှော်လင့်ကြပါသည်။
လူကြီးလူကောင်း စိတ်ဓာတ်ရှိသည့်၊ နိုင်ငံ့ကောင်းကျိုး ပြည်သူ ကောင်းကျိုးကို စွမ်းဆောင်လိုသည့် စေတနာရှိသည့်၊ စွမ်းဆောင်နိုင်မည့် အရည်အချင်း အရည်အသွေးတို့နှင့်လည်း ပြည့်ဝသည့် နိုင်ငံရေး သမားများကို ပြည်သူလူထုက မဲပေးကြရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။