ရန်ကုန် ဩဂုတ် ၁၁
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံနန်နင်းမြို့ ကွမ်ရှီး အသံလွှင့်နှင့် ရုပ်မြင်သံကြားတို့ပူးပေါင်းပြီး ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ ရုပ်သံမှတ်တမ်း အစီအစဉ်ကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရိုက်ကူးကြမည်ဖြစ်သည်။
အဆိုပါ ရုပ်သံမှတ်တမ်းကို ပူးပေါင်းရိုက်ကူးမည့် တရုတ်နိုင်ငံကွမ်ရှီးအသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနမှ ညွှန်ကြားရေးမှူး မစ္စတာ Yang Chun ဦးဆောင်သည့် အဖွဲ့ဝင် ခုနစ်ဦးပါအဖွဲ့သည် ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရန်ကုန်)မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနတို့ ပထမဦးဆုံး အကြိမ်ပူးပေါင်း၍ စီစဉ်ရိုက်ကူးကြမည်ဖြစ်ပြီး မဲခေါင်-လန်ချန်း ခြောက်နိုင်ငံတို့ အတူတကွ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြစ်သကဲ့သို့ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနိုင်ရန်အတွက် စီစဉ်ရိုက်ကူးခြင်းဖြစ်ကြောင်း၊ အဆိုပါရိုက်ကူးရေးအဖွဲ့သည် တရုတ်နိုင်ငံတွင် လုပ်ငန်းထူးချွန်မှုအမြင့် ဆုံးဆုရရှိထားပြီး နေပြည်တော်နှင့် ရန်ကုန်မြို့အနီးတစ်ဝိုက်တွင် ရိုက်ကူးကြမည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့နှင့်လည်း တွေ့ဆုံမေးမြန်း ရိုက်ကူးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံမီဒီယာတို့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအသစ်တစ်ခု ဖြစ်ကြောင်းလည်းသိရသည်။
သတင်းစဉ်