Skip to main content

ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် အောက်တိုဘာ၂၄
 
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်း ကြောင့် ပြည်ပ နိုင်ငံအရပ်ရပ်၌ စာချုပ်သက်တမ်းကုန်လွန်၍ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာ သင်္ဘောသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀ ၀၀)နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၇၉)ဦး၊ ဗြိတိန်မှ (၂၉)ဦး၊ အင်ဒိုနီးရှားမှ (၈)ဦး၊ ဘယ်လ်ဂျီယံမှ (၅)ဦး၊ ကနေဒါမှ (၃)ဦး၊ ဩစတြေးလျမှ (၂)ဦး၊ စင်ကာပူမှ (၁)ဦး၊ ဘရာဇီးလ်မှ (၁)ဦး၊ Trinidad and Tobago မှ (၁)ဦး၊ အီတလီမှ (၁၀)ဦး၊ အီဂျစ်မှ (၂)ဦး၊ ပနားမားမှ (၁)ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၁)ဦး ၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၄၃)ဦး လိုက်ပါ ခဲ့ကြပါသည်။
 
၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၇)ရက် နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။
 
၃။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘော သားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။
 
#Ministry of Foreign Affairs Myanmar