ရန်ကုန်၊ အောက်တိုဘာ ၂၃
သည်ကနေ့ ၂၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ် သောကြာနေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌဖြစ်သူ ဟံသာ၀တီ ဦးအုန်းကြိုင် ဆုံးပါးသွားခဲ့ပါသည်။ ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ဆေးကုသခံယူနေရာက ပိုးကင်းရှင်းပျောက်ကင်းပြီဟုသိရပြီး ဆေးရုံမှဆင်းရတော့မည့်အချိန်တွင် အူနှင့်ပတ်သက်သောရောဂါကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရာမှ အူမကြီးပေါက်ခြင်းနှင့် ယင်းကြောင့်သွေးဆိပ်ပျံ့နှံ့ကာ ကိုယ်တွင်းအင်္ဂါများပျက်စီးမှုကြောင့် တိမ်းပါးသွားခဲ့ကြောင်း ကျန်ရစ်သူမိသားစုဝင်များ၏ ပြောပြချက်အရ သိရပါသည်။
ဟံသာ၀တီ ဦးအုန်းကြိုင်သည် ၁၆ ဇွန်၊ ၁၉၂၆ တနင်္ဂနွေနေ့တွင် အမှတ် ၈၁၊ အေလမ်း၊ ဈေးကုန်းရပ်ကွက်၊ အင်းစိန်မြို့၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ ဦးဘိုးဆင်၊ မိခင်မှာ ဒေါ်နှင်းကျင်ဖြစ်ကာ ငယ်စဉ်က အင်းစိန်အစိုးရမူလတန်းကျောင်း၊ အင်းစိန်အစိုးရဟိုက်စကူးကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၄၄ တွင် ၁၀ တန်း အောင်မြင်ခဲ့သည်။ ၁၉၄၅-၄၆ တွင် ထီးတန်းကောလိပ်တွင် ပညာဆက်လက်သင် ကြားခဲ့ပြီး ၁၉၅၂-၅၃ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်က ပေးအပ်သော BA ဘွဲ့ကို ရရှိ ခဲ့သည်။
၂၉ နိုဝင်ဘာ ၁၉၄၅ နေ့၊ ၂၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ဟံသာ၀တီသတင်းစာကို ပြန်လည်ထုတ်ဝေသည့်အခါ၊ ဦးအုန်းကြိုင်သည် သတင်းထောက်အဖြစ် စတင်အမှုထမ်းခဲ့သည်။ ၁၉၅၀-၅၁ တွင် နိုင်ငံရေးသတင်းထောက်တာဝန်နှင့်အတူ တွဲဖက်၍ အယ်ဒီတာအဖြစ် ဟံသာ၀တီသတင်းစာတွင် တာဝန်ပေးအပ်ခြင်းခံရသည်။
ဟံသာ၀တီသတင်းစာတိုက်တွင် တာဝန်ထမ်းဆောင်နေစဉ်၊ ၁၉၅၄ နှင့် ၁၉၆၀ ပြည့်နှစ်များတွင် သတင်းစာတိုက်ပိုင်ရှင် ဗြိတိသျှဘားမား ဦးညွန့် ချီးမြှင့်သည့် “သတင်းထူးချွန် ရွှေကလောင်ဆု” နှစ်ကြိမ်ရရှိခဲ့သည်။ ဟံသာ၀တီအုန်းကြိုင် ကလောင်အမည်ဖြင့် နိုင်ငံရေးသတင်းများ၊ သတင်းဆောင်းပါးများ များစွာရေးသားခဲ့၏။ ထိုကာလက ဟံသာ၀တီ တနင်္ဂနွေအထူးထုတ်မဂ္ဂဇင်းကဏ္ဍကိုပါ တွဲဖက်တာဝန်ယူခဲ့သည်ဟု သိရပါသည်။
သတင်းလိုက်ရာတွင် “ကျားလေး အုန်းကြိုင်” အမည်ဖြင့် လူသိများခဲ့သည်။ ၁၉၆၂ ဇန်နဝါရီလကုန်တွင် ဟံသာ၀တီသတင်းစာမှ နုတ်ထွက် ရပ်နားခဲ့သည်။
၁၉၆၃ တွင် ရတည (ရခိုင်တိုင်းရင်းသားညီညွတ်ရေးအဖွဲ့) ခေါင်းဆောင် ဦးလှထွန်းဖြူ၏ အကူအညီတောင်းခံမှုကြောင့် ခေတ်သစ္စာသတင်းစာတိုက်တွင် အယ်ဒီတာလုပ်ခဲ့သည်။ နောင်ခေတ်သစ္စာကိုအမည်ပြောင်း ထုတ်ဝေသည့် အမျိုးသားသတင်းစာတွင် ဂါးဒီယန်း ဦးစိန်ဝင်းနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သည်။
သတင်းစာလောက က အနားယူခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် နအဖ အစိုးရက အင်းစိန်ကြို့ကုန်း မင်းဓမ္မတောင်တွင် အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား စကျင်ရုပ်ပွားတော် တည်ထားစဉ် သူငယ်စဉ်က မှီခိုဆည်းပူးခဲ့သော မင်းဓမ္မတောင်ဘုရားကျောင်းခေါ် ဦးသဓမ္မဒေ၀ကိတ္တိ ဘွဲ့ခံ ရာကျော်ဆရာတော်ဘုရားကြီးဖြစ်စဉ်တော်များနှင့် မင်းဓမ္မတောင် တော်အကြောင်းတို့ကို မြို့တော်သတင်းစာနှင့် နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၊ ရောင်ပြန်မဂ္ဂဇင်းတို့တွင် နေ့စဉ် လစဉ် အခန်းဆက်ဆောင်းပါးရှည်ကြီး ရေးသားခဲ့သည်။
သူရဇ္ဇ၊ ဂမ္ဘီရ သုတရသစုံ မဂ္ဂဇင်းတွင်လည်း ဟံသာ၀တီအုန်းကြိုင်အမည်ဖြင့် သာသနာဘာသာနှင့် ဂမ္ဘီရပညာရပ်ဆိုင်ရာ ဆောင်းပါးများရေးခဲ့သည်။
၂၀၀၅ တွင် ကကုသန္ဓ မြတ်ဗုဒ္ဓ၏ ဇီ၀မာနက သကေသ ဓာတုဝင် သာဓု ဆံတော်ရှင်စေတီတော်သမိုင်းကို လည်းကောင်း၊ ၂၀၁၆ ကစ၍ ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေ မြန်မာအင်ဖိုတက်ရှိ ဓမ္မဝီရစာပေတိုက်က အပတ်စဉ်ထုတ်ဝေသည့် ဓမ္မဝီရဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ကြေးမုံ၊ မြန်မာ့အလင်း၊ ဒီမိုကရေစီတူဒေး၊ စံတော်ချိန်၊ မြ၀တီ စသည့် နေ့စဉ်ထုတ်သတင်းစာများတွင် ဆောင်းပါးများ၊ ကဗျာများကို ဟံသာ၀တီ ဦးအုန်းကြိုင် ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းတို့၏ ကန်တော့ခံ သက်ကြီးပညာရှင်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အမျိုးသားသတင်းဆုကော်မတီက ချီးမြှင့်သည့် သတင်းသူရဲကောင်းဆုကိုလည်း ရရှိခဲ့ပါသည်။
၂၀၁၅ အောက်တိုဘာတွင် စတင်ဖွဲ့စည်းသော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (ပထမနှစ်သက်တမ်း)တွင် ကောင်စီဝင်၊ ဒုတိယဥက္ကဋ္ဌနှင့် အာဆီယံသတင်းမီဒီယာကောင်စီကွန်ရက် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ ပါသည်။
ယခု ၂၀၁၉ သက်တမ်းတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တာဝန်ယူစဉ်ကာလတစ်လျှောက် ဆရာသည် ကိုးဆယ်ကျော်အရွယ်တွင် အသက်နှင့် မမျှအောင် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ရင်း မြန်မာနိုင်ငံ သတင်းမီဒီယာလောက အတွက် များစွာ ကျေးဇူးပြုခဲ့ပြီး ယနေ့ ၂၃ အောက်တိုဘာ၊ ၂၀၂၀ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။
ဆရာ ဟံသာ၀တီဦးအုန်းကြိုင် ကွယ်လွန်ခဲ့ခြင်းမှာ မြန်မာနိုင်ငံသတင်းလောက၊ မီဒီယာလောကအတွက် ဆုံးရှုံးမှုကြီးအဖြစ် ဝမ်းနည်းမိရ ပါသည်။
သတင်းပိုး
ဟံသာဝတီဦးအုန်းကြိုင် အမှတ်တရ စကားသံများ
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ သတင်းစာဆရာကြီး ဦးအုန်းကြိုင်(ဟံသာဝတီ ဦးအုန်းကြိုင်)သည် ယနေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်က ရန်ကုန်မြို့ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တွင် ကွယ်လွန်သွားပြီဖြစ်ရာ ၎င်းနှင့် ပတ်သက်၍ စာရေးဆရာကြီးများ၏ အမှတ်တရ စကားသံများကို ဖော်ပြအပ်ပါသည် -
ဆရာ ချစ်ဦးညို
ဆရာကြီးဟံသာဝတီဦးအုန်းကြိုင်ဟာ ကျွန်တော် တို့တွေမသိ၊ မမီလိုက်တဲ့ ရှေးတုန်းက နိုင်ငံရေး ဖြစ်ရပ်တွေ၊ ခေါင်းဆောင်တွေရဲ့အကြောင်းတွေ၊ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ၊ ပြီးတော့နိုင်ငံ အတွက်အရေးကြီးတဲ့အကြောင်းတွေ တော်တော်များများသိထားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တယ်လို့ သိရတယ်။ သူပြောတဲ့စကားတွေထဲ ကနေ ကြားရတာလေ။ အဲဒီတော့ အခုလို ကွယ်လွန်သွားခြင်းဟာ ကျွန်တော်တို့ မသိရသေးတဲ့သမိုင်းအချို့ပါ ပျောက်ဆုံးသွားခြင်းလို့ အဲဒီလိုခံစားရပါတယ်။ သူ့ထံမှာ အများကြီးရှိနေသေးတယ်လေ။
ဆရာမြတ်ဝေတိုး(ပညာရေး)
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဆရာကြီး ဟံသာဝတီဦးအုန်းကြိုင် ကွယ်လွန်သွားတဲ့အတွက် သတင်းမီဒီယာလောကမှာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါတယ်။ ဆရာကြီးဟာ သတင်းမီဒီယာကောင်စီ သက်တမ်းတစ်လျှောက်လုပ်လာပြီးတော့ ယခင် ဆရာကြီး ဖိုးသောကြာ (ခေတ်မိုး) ဥက္ကဋ္ဌ တာဝန်ယူတဲ့အချိန်မှာလည်း ဆရာကြီးဟံသာဝတီဦးအုန်းကြိုင်ဟာ ဒုတိယဥက္ကဋ္ဌအဖြစ် လုပ် ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ပါ။ အသက် အရွယ်အားဖြင့် ၉၀ ကျော်ပါပြီ။ နိုင်ငံအတွက်၊ သတင်း မီဒီယာလောကအတွက် တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးသွားတယ်လို့မြင်ပါတယ်။ များစွာ စိတ်မကောင်း ဖြစ်ရပါတယ်။
ဆရာမဂျူး
အခုလိုကြားရတော့ စိတ်မကောင်းဘူး။ တစ်ရက် နှစ်ရက်မှာ စာပေ၊ အနုပညာရှင်တွေ၊ ကိုယ်နဲ့ ခင်မင်တဲ့သူတွေ၊ လေးစားရတဲ့သူတွေ ဆုံးသွားတာကြားရတော့ စိတ်မကောင်းဘူး၊ ကြေကွဲရတယ်။ ဒီလိုကာလမှာ ကိုယ်လည်းအသက် ၆၀ ကျော်ပြီဆိုတော့ အသက်အရွယ် အရ အသက်ရှင်မှာကော ဟုတ်ရဲ့လား၊ နေ့စဉ်မပြတ် ရတနာသုံးပါးကို အောက်မေ့ရမှာပါ။ အိမ်ကမထွက်ရတာကြာပြီဆိုတော့ မိမိကိုယ်တိုင်တောင် စာပေ လောကသားလို့ မသိတော့ဘူး။ ဒီရောဂါကြီးကို ကျော်လွှားနိုင်အောင် ဉာဏ်၊ သတိနဲ့ဆင်ခြင် သုံးသပ်ရမှာပါ။ အားလုံးဟာ အနတ္တဖြစ်တာကြောင့် မိမိကိုယ်ကိုယ်လည်း မပိုင်ဘူးလေ။ အကြောင်းကြောင့် အကျိုးဖြစ်တာကြောင့် ဆရာကြီး ဦးအုန်းကြိုင်အတွက် စိတ်လည်းမကောင်းဖြစ်မိတယ်။
ဆရာမောင်စိမ်းနောင်(လယ်ဝေး)
သတင်းမီဒီယာကောင်စီမှာ အားထားရတဲ့ပုဂ္ဂိုလ် ဖြစ်ပြီး ရှေးမီနောက်မီအားထားရသူလည်း ဖြစ်ပါတယ်။ အခုလိုဆုံးပါးသွားမှုအပေါ် အလွန်ပဲစိတ်မကောင်း ဖြစ်ရပါတယ်။ ဆရာကြီးထံက ကျွန်တော် တို့တွေသင်ယူစရာ၊ လေ့လာစရာများစွာ ရှိနေပါသေးတယ်။ စာပေ လောက၊ သတင်း မီဒီယာလောကအတွက် အဖိုးတန်တဲ့ ကြယ်တစ်ပွင့်ကြွေသွားတယ်လို့မြင်ပါတယ်၊ ဆရာကြီးလို ပုဂ္ဂိုလ်မျိုး နောက်ထပ်ရရှိဖို့လည်း ခဲယဉ်းပါလိမ့်မယ်။
ဆရာအောင်မြင့်ဦး(မဟာဝိဇ္ဇာ)
ဆရာကြီး ကွယ်လွန်သွားတာဟာ စာပေနဲ့ သတင်းမီဒီယာလောကအတွက်ဆုံးရှုံးမှုတစ်ခုပါပဲ။ သူ့ရဲ့သမိုင်း တစ်လျှောက်မှာ စာပေလော ကနဲ့ပတ်သက်ရင် သူရတဲ့အချိန်မှာ ဆောင်ရွက်ပေးခဲ့တယ်။ ရှေးမီနောက်မီ ဆရာကြီးတစ်ဦးအခုလိုမမျှော်လင့်ဘဲ ဆုံးရှုံးမှုအပေါ် ကျွန်တော်တို့ စာပေလောကအတွက်သာမက နိုင်ငံအတွက် အဖိုးတန်ရတနာတစ်ပါး ဆုံးရှုံးတယ်လို့ မြင်ပါ တယ်။
သန်းထိုက်