နေပြည်တော် အောက်တိုဘာ ၂၂
ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများ၊ လူမှုဖူလုံရေးအကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အလုပ်သမားကိုယ်စားလှယ်များက လက်ရှိဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေ၊ စက်ရုံ၊ အလုပ်ရုံများ ခေတ္တရပ်နားချိန်တွင် နေရပ်ဒေသများသို့ ပြန်လည်သွားရောက်ကြသည့် အလုပ်သမားများအနေဖြင့် ယခုအခါ ရန်ကုန်တိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာရန် အခက်ခဲဖြစ်ပေါ်နေမှုအခြေအနေ၊ လက်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အချိန်ပို အလွန်အကျွံ့ ခေါ်ယူနေမှုအခြေအနေ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံးစစ်ဆေး၍ ဖွင့်လှစ်သွားနိုင်ရေး ကိစ္စရပ်များ၊ လူမှုဖူလုံရေးအာမခံ အကျုံးမဝင်သည့် လုပ်ငန်းများရှိ အလုပ်သမားအား ထောက်ပံ့ငွေပေးအပ်နိုင်ရေးအတွက် စာရင်းကောက်ယူမှုအခြေအနေ၊ စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ လူနာ တွေ့ရှိပြီး ဆက်သွယ်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာပေးသင်တန်း၊ အလုပ်သမားများအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးနိုင်မှုများနှင့် ပတ်သက်၍လည်းကောင်း မေးမြန်းတင်ပြခဲ့ကြသည်။
မေးမြန်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ပြန်လည်ရှင်းလင်း ပြောကြားရာတွင် စက်ရုံ၊ အလုပ်ရုံများအတွင်း ကိုဗစ်-၁၉ သံသယလူနာတွေ့ရှိပါက သက်ဆိုင် ရာနယ်မြေအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနများသို့ အချိန်မီသတင်းပေးပို့၍ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန်၊ ရန်ကုန်တိုင်းဒေသကြီး ပြင်ပမှ ပြန်လည် ဝင်ရောက်လာမည့် အလုပ်သမားများနှင့် ပတ်သက်၍ သင့်လျော်သည့် အချိန်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် မလိုလားအပ်သည့် ပိတ်ဆို့ ကန့်သက်မှုများ မရှိအောင် အဖက်ဖက်မှစဉ်းစားဆုံးဖြတ်၍ ဆောင်ရွက်နေပါကြောင်း၊ ရောဂါ ကူးစက်ပြန့်ပွားမှုများ မရှိစေရေးအတွက် နိုင်ငံတကာ သတ်မှတ်စံနှုန်းများနှင့်အညီ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းမှာပင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူမတ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် အလုပ်သမားများဘက်မှလည်း နားလည်မှုရှိစွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရောဂါကူးစက်ပြန့်ပွားနေမှု ဖြစ်ပွားနေသည့် ယခုကာလအတွင်း မလိုလားအပ်သည့် ဆန္ဒပြမှုများမဖြစ်ပေါ်စေရေး ပညာပေးဆောင်ရွက်မှုများပြုလုပ်ပေးစေလိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာသို့တင်ပြညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် က ကိုဗစ်-၁၉ ကာလအတွင်း လူမှု ဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ လူမှုဖူလုံရေး ထောက်ပံ့ငွေများလျှောက်ထားရာတွင် Online Webportalနှင့် မြို့နယ်ရုံးခွဲမှ တဆင့် လျှောက်ထားခြင်း စုစုပေါင်း ၃,၄၄၀ ဌာန လက်ခံရရှိခဲ့ပြီး အောက်တိုဘာ ၂၁ ရက်အထိ လျှောက်ထားမှုအချက်အလက် ပြည်စုံသည့်ဌာန ၁,၇၆၅ ဌာနမှ အာမခံအလုပ်သမား ၂၄၄,၆၇၀ အတွက် ခွင့်ပြုငွေကျပ်(၁၆၄၁၇ ဒသမ ၇၄၇) သန်း အားခွင့်ပြုပေးခဲ့ပြီး ထုတ်ပေးရာတွင် လွယ်ကူမြန်ဆန်စေရန် Online Banking စနစ်ဖြင့် ဆောင်ရွက်လိုသော အလုပ်ဌာနများကို AYA ၊ CB ၊KBZ ဘဏ်များသို့ ချိတ်ဆက်ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျန်အလုပ်ဌာနများကိုလည်းဆက်လက် ထုတ်ပေးသွားမည်ဖြစ်ပြီး Stay at Home အဖြစ် သတ်မှတ်ထားသောကျန်ရှိသည့် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများရှိ မြို့နယ် (၁၁) မြို့နယ်ရှိ အလုပ်ဌာနများမှ အလုပ်သမား (၁၇၇) ဦးအတွက် ငွေကျပ် (၁၂,၀၁၉,၉၀၆ ဒသမ ၈) ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ဆက်လက်ထုတ်ပေး လျက်ရှိပါကြောင်း။
ဆေးကုသဆောင်ရွက်မှုများ အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်းအလုပ်သမား ဆေးရုံကြီး (ရန်ကုန်) / (ထန်းတပင်) ပြင်ပလူနာဌာသို့ ပုံမှန်ပြသနေရသော (OPD) လူနာများ၊ နာတာရှည် အာမခံအလုပ်သမားများရောဂါကူးစက်မှုမရှိစေရန်အတွက် Tele Consultation Team ဖွဲ့စည်းကာကြည့်ရှုကုသပေးရန် Online Viber Group (၄) ခုဖွဲ့၍ သက်ဆိုင်ရာနယ်မြေ တာဝန်ခံဆရာဝန်များ၊ ဆေးကုသမှုပါရဂူများနှင့် အောက်တိုဘာ ၁၂ ရက်မှစ၍ ချိတ်ဆက်ပြသ နိုင်ရန် စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးထုတ်ပေးရာတွင် စာချုပ်ဆေးကုမ္ပဏီမှ Delivery ဖြင့် အရောက်ပေးပို့ခြင်းနှင့် ဝေးလံသောဒေသများရှိ အာမခံအလုပ်သမားများအတွက် သတ်မှတ်ဆေးထုတ်နေရာတွင်လာရောက် ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း Quarantine ဝင်ရသည့် အာမခံအလုပ်သမားများအနက် ဆေးသက် သေခံလက်မှတ်ထုတ်ပြီးသူ ၂၃၆၁ ဦးရှိပြီး မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ထုတ်ပြီးသူ အာမခံအလုပ်သမား ၄၉၉ ဦးအတွက် ငွေကျပ် (၄၅ ဒသမ ၃၉၅) သန်း ကိုခွင့်ပြု ထုတ်ပေးပြီး မကျန်းမာမှုဆေးခွင့် ထုတ်ပေးထားသော ကိုယ်ဝန်ဆောင် မိခင် ၃,၃၉၅ ဦး အတွက် မကျန်းမာမှုငွေကြေး အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းအဖြစ် ငွေကျပ် (၅၀၁ ဒသမ ၀၈၅) သန်းကို ခွင့်ပြုထုတ်ပေးပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အချိန်ပိုခေါ်ယူသည့်ကိစ္စနှင့် ပတ်သက်၍ တစ်ပတ်လျှင် နာရီ ၂၀ အချိန်ပိုအလုပ် ဆင်းရန်သက်ဆိုင်ရာ မြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ရုံးများ၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက် ခွင့်ရှိပါကြောင်း သတ်မှတ်ချက် နာရီထက် ပိုမိုလုပ်ဆောင်မှုများရှိ သည်ကို သတင်းပေးပို့ကြရန်နှင့် တာဝန်ရှိသူများမှ သွားရောက်၍ ဥပဒေနှင့်အညီ စစ်ဆေး အရေးယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေ ထွေရွေးကောက်ပွဲတွင် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမား/အလုပ်ရှင်များ ဆန္ဒမဲပေးကြရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သောကာကွယ်ရေးပစ္စည်းများဖြစ်သည့် လက်သန့် ဆေးရည်များ နှင့် Mask များ ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမား/ အလုပ်ရှင်များနှင့် အလုပ်သမားအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက် သွားနိုင်ရေးအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အပတ်စဉ်တွေ့ဆုံခြင်းဖြင့် အလုပ်သမားများကြုံတွေ့နေရသည့် အခက်အခဲများအား ဝိုင်းဝန်းပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကုသဆေးများမပေါ်ပေါက်မီ အလုပ်သမားများအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အိပ်ဆောင်နှင့် အခြားလူစုလူဝေးနေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနများမှ ထုတ်ပြန်ချက်များဖြစ်သည့် မကြာခဏလက်ဆေးခြင်း၊ Mask တပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လူစုလူဝေးနေရာအား ရှောင်ရှားခြင်းဖြင့် ယခု ကပ်ရောဂါကြီးမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း အလုပ်သမားများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံလာမည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း ယခုအချိန်တွင် စိတ်ရှည်မှု၊ သည်းခံမှု၊ နားလည်မှုရှိမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)