နေပြည်တော် အောက်တိုဘာ ၂၂
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF)၊ ဦးဆောင် ညွှန်ကြားရေးမှူး Ms. Kristalina Georgieva နှင့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ များ စားပွဲဝိုင်းအစည်းအဝေး (Roundtable Meeting) ကို ယနေ့ နံနက် ၇ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ ဦးဆောင်ညွှန်ကြားရေးမှူး Ms. Kristalina Georgieva အာဆီယံနိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း တို့ ပါဝင်တက်ရောက်ကြသည်။
ရှေးဦးစွာ IMF ဦးဆောင်ညွှန်ကြားရေးမှူး Ms. Kristalina Georgieva က ကမ္ဘာ့စီးပွား ရေးတိုးတက်မှုအလားအလာသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မသေချာမရေရာမှု များရှိနေပါကြောင်း၊ ယခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုသည် (၄ဒသမ၄) ရာခိုင်နှုန်းနှင့် အာဆီယံနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုမှာ (၃ဒသမ၄) ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်စပ်လျဉ်း၍ နိုင်ငံများအနေဖြင့် လူသားများ၏ အသက်များကို ကယ်တင်ခြင်းနှင့် စီးပွားရေး နာလန်ထူလာစေရန် မူဝါဒများအား အကောင်အထည် ဖော်ကျင့်သုံးခြင်းစသည့် အဓိကအချက် (၂) ရပ်တို့ကို ဆောင်ရွက်လျက်ရှိပြီး၊ IMF အနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံများသို့ ငွေရေးကြေးရေး အထောက်အပံ့၊ နည်းပညာအထောက်အပံ့နှင့် မူဝါဒဆိုင်ရာအကြံပေးခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ ယခုလိုအချိန်အခါတွင် နိုင်ငံများသည် မိမိနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် မူဝါဒများအား ပေါင်းစပ်အသုံးပြုသည့် မူဘောင် (Integrated Policy Framework - IPF) ကို ချမှတ်အကောင် အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ IMF မှ အဆိုပြုသည့် IPF နှင့်စပ်လျဉ်း၍ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၏ အကြံပြုချက်များကို ရယူလိုပါကြောင်း၊ ၎င်းအပြင် အဖွဲ့ဝင်နိုင်ငံများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ကပ်ရောဂါအပေါ် တုန့်ပြန်ဖြေရှင်းဆောင်ရွက်ချက်များ၊ IMF အနေဖြင့် အဖွဲ့ဝင်နိုင်ငံ များသို့ မည်သို့အထောက်အကူပေးနိုင်မှုများကို သိရှိလိုပါကြောင်း ပြောကြား သည်။
ဆက်လက်၍ IMF Economic Counselor နှင့် Research Department ၏ Director ဖြစ်သူ Ms. Gita Gopinath က “Toward an Integrated Policy Framework : COVID - 19 Responses and Fiscal Considerations” ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးရာတွင် နိုင်ငံများအနေဖြင့် ငွေကြေးမူဝါဒ (Monetary Policy) ၊ နိုင်ငံခြားငွေဈေးကွက်တွင် ဝင်ရောက်ထိန်းကျောင်းမှု (FX Intervention - FXI) ၊ အရင်းအနှီးစီးဆင်းမှုများအပေါ် စီမံခန့်ခွဲမှုနည်းလမ်းများ (Capital Flow Management Measures - CFMs) နှင့် နှိုင်းဆချင့်ချိန်စွာ ချမှတ်ထားသည့် မေခရိုစီးပွားရေးဆိုင်ရာနည်းလမ်းများ (Macroprudential Measures - MPMs) တို့ကို မိမိတို့၏ နိုင်ငံအခြေအနေပေါ်တွင်မူတည်၍ မူဝါဒများပေါင်းစပ်အသုံးပြုခြင်းဆိုင်ရာ မူဘောင် (Integrated Policy Framework - IPF) ကို ချမှတ်၍ မူဝါဒများကို ဆီလျော်စွာ ပေါင်းစပ်ကျင့်သုံးရန်လိုအပ်ပါကြောင်း၊ IPF ကို ချမှတ်ကျင့်သုံးရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ငွေရေးကြေးရေးရင်းမြစ် (global financial safety net) များ အားကောင်းစေရေးသည်လည်း အဓိကအချက်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။ ထို့နောက် တင်ပြချက်အပေါ် အာဆီယံ နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများ က အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ IMF ဦးဆောင်ညွှန်ကြားရေးမှူး Ms. Kristalina Georgieva က နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)