Skip to main content

(၉) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၂

၂၀၂၀ ပြည့်နှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့က ကြီးမှူးကျင်းပသည့် (၉) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက် ၈ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ အာဆီယံ လူမှုရေး- ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိ ဒေါက်တာဒေါ်ခင်ကြည်ပြာ၊ ပါမောက္ခချုပ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ  တက်ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ကမ္ဘောဒီးယားနိုင်ငံ က “ကိုဗစ်-၁၉ ၏ သက်ရောက်မှုများနှင့် ရှေ့ဆက်သွားမည့် ယဉ်ကျေးမှုနှင့်အနုပညာကဏ္ဍ ဟူသည့် ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ယခု ကိုဗစ်-၁၉ ရောဂါသည် တစ်ကမ္ဘာလုံးရှိ လူသန်းပေါင်းများစွာတို့၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အိမ်တွင်နေထိုင်သည့် ပြည်သူများအား စိတ်ပင်ပန်းမှု လျော့ကျစေရန်အလို့ငှာ ဖျော်ဖြေရေးအစီအစဉ်များ ဖန်တီးထုတ်လုပ်ပေးခြင်း၊ အနုပညာရှင်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း၊ ရှေးဟောင်းအမွေအနှစ် ပစ္စည်းများ လုံခြုံရေးအတွက် သက်ဆိုင်ရာဒေသအလိုက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လုံခြုံရေး ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုနှင့် အနုပညာဘာသာရပ်များကို Online မှတစ်ဆင့် သင်ကြား ပေးခြင်း၊ Online ပြတိုက်နှင့် စာကြည့်တိုက်များ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်နေပါ ကြောင်း၊ အခြားသော အာဆီယံဒေသတွင်း နိုင်ငံများနည်းတူ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဖွံဖြိုးရေး လုပ်ငန်းများနှင့် အခြားသော ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွစွာ ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအား ကာကွယ်တားဆီးရေးအတွက် ပြည်သူလူထုအား ကြေညာပေးခြင်း၊ အသိဉာဏ်ဖွံ့ဖြိုးစေရန် လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မသိပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ၏ နည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ထောက်ပံ့ကူညီသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် အာဆီယံဒေသတွင်း ပြည်သူများ ပေါင်းစည်း၍ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်နှင့်အညီ ၂၀၂၁ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ Work Plan များကို ညှိနှိုင်းဆွေးနွေးကြသည်။ ထို့နောက် ယခင်ကျင်းပပြီးခဲ့သော အစည်းအဝေးများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ကြသည်။

အဆိုပါအစည်းအဝေးမတိုင်မီ အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် (၁၆) ကြိမ်မြောက် အာဆီယံ လူမှုရေး- ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ကျင်းပခဲ့ရာ ဒေါက်တာ           ဒေါ်ခင်ကြည်ပြာ၊ ပါမောက္ခချုပ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့က Video Conferencing ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ တက်ရောက်ခဲ့ကြောင်း သိရသည်။၊

(သတင်းစဉ်)