Skip to main content

ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားချိန်မှစ၍ National COVID-19 Call Center (ဖုန်းနံပါတ် ၂၀၁၉)သို့ ဖုန်းခေါ်ဆိုမေးမြန်းမှု ပြန်လည်မြင့်တက်လာ

ရန်ကုန် အောက်တိုဘာ ၁၈

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားချိန်မှစ၍ National COVID-19 Call Center(ဖုန်းနံပါတ် ၂၀၁၉) သို့ ဖုန်းခေါ်ဆိုမေးမြန်းမှု ပြန်လည်မြင့်တက် လာကြောင်း ဆေးသုတေသနဦးစီးဌာန ကူးစက်ရောဂါဗေဒ သုတေသနဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်ထံမှ သိရသည်။

“ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းတုန်းက ခေါ်ဆိုမှု အတော်များခဲ့တယ်။ ဧပြီလမှာ တစ်နေ့ကိုအကြိမ် ၅၅၀ လောက် ခေါ်ဆိုမှုရှိခဲ့ တယ်။ မေလမှာ တစ်နေ့ အကြိမ် ၂၅၀ လောက် ရှိတယ်။ ဇွန်၊ ဇူလိုင်မှာ ခေါ်ဆိုမှုနည်းသွားတယ်။ ကိုဗစ်ဒုတိယလှိုင်းပြန်စတဲ့ ဩဂုတ်လလယ် လောက်ကစပြီး ခေါ်ဆိုမှု ပြန်မြင့်တက်လာ တယ်။ အခုဆိုရင် တစ်နေ့ကို ပျမ်းမျှ အကြိမ် ၃၀၀ လောက် ဖြေဆိုနေရတယ်။ ဒါက ဆရာဝန် က တိုက်ရိုက်ဖြေတာပါ။ စက်က အလိုအလျောက် ဖြေတာက ဧပြီနဲ့ မေလတွေမှာ တစ်နေ့ကို ပျမ်းမျှ တစ်သိန်းကျော် ဖြေကြားပေးရတယ်။

ဒုတိယလှိုင်းမှာ စက်က အလိုအလျောက် ဖြေကြားပေးတာ တစ်နေ့ကို နှစ်သိန်းကျော် ဖြေကြားပေးနေရတယ်။ အခုအနေအထားမှာ ဆရာဝန်က ဖြေကြားပေးတာ တစ်နေ့ ၃၀၀ ကျော်လောက်ရှိနေပါတယ်။ ကိုဗစ်ဒုတိယလှိုင်း မှာ လူတွေရဲ့စိတ်ဝင်စားမှုက ပြန်မြင့်တက်လာ တယ်။ ကိုယ်နဲ့ကိုယ့်မိသားစု ပတ်ဝန်းကျင်မှာ တိုက်ရိုက်ခံစားရတာတွေ များလာတဲ့အတွက် စိုးရိမ်ကြောင့်ကြပြီး မေးလာကြတာတွေ ရှိလာ တယ်”ဟု ဆေးသုတေသနဦးစီးဌာန ကူးစက် ရောဂါဗေဒ သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာမျိုးမျိုးမွန်က ပြောသည်။

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်ပြီး မှန်ကန်သည့် သတင်းအချက် အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင် စေရန်အတွက် National COVID-19 Call Center ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်မှ စတင်ကာ ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်)တွင် ဖွင့်လှစ် ထားပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အများပြည်သူသိရှိလိုသည် များကို ဖြေကြား ပေးနေကြောင်း ဆေးသုတေသနဦးစီးဌာနမှ သိရသည်။

“အဓိကမေးတာက ပထမလှိုင်းတုန်းက တော့ ရောဂါကူးစက်မှုက ကာကွယ်တဲ့နည်းတို့ ရောဂါကူးစက်ပုံနဲ့ ရောဂါလက္ခဏာ အကြောင်း တွေကို အမေးများပါတယ်။ ဒုတိယလှိုင်းမှာ တော့ Quarantine နဲ့ဆိုင်တဲ့ ကိစ္စတွေ (Quarantine Center)က မေးတဲ့သူတွေရှိသလို အနံ့ပျောက်လို့ ကိုဗစ်နဲ့တူတဲ့ ရောဂါလက္ခဏာ တစ်ခုခုကို ခံစားရလို့ ဘယ်လိုဆက်သွယ် ဆောင်ရွက်ရမလဲ၊ ဘာလုပ်ရမလဲဆိုတာတွေ မေးကြတယ်။ အနံ့ပျောက်လို့ မေးတဲ့သူတွေ များလာတယ်။ ခေါ်ဆိုတဲ့ဒေသတွေပြောရရင် ကိုဗစ်ပထမလှိုင်းတုန်းက ရန်ကုန်နဲ့ ဧရာဝတီ က အမေးအများဆုံး ဖြစ်ပါတယ်။ ဒုတိယလှိုင်း မှာ ရန်ကုန်နဲ့ ဧရာဝတီအပြင် ရခိုင်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးက အမေးအများဆုံး ဖြစ်ပါတယ်။ မြို့ပေါ်နဲ့ ကျေးလက်ဒေသမှာ ကျေးလက်ကခေါ်ဆိုမှု ၄၃ ရာခိုင်နှုန်း ရှိပါ တယ်။ အလိုအလျောက်ဖြေဆိုတဲ့ စက်မှာ လည်း ရခိုင်ဘာသာစကားနဲ့ ဖြေဆိုမှုထည့်ထား ပါတယ်။ ရခိုင်ဒေသကလူတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်”ဟု ဒေါက်တာ မျိုးမျိုးမွန်က ပြောသည်။

Call Center သို့ ပြည်သူလူထုမှမေးမြန်းမှု များပြားသည့်အတွက် ကိုဗစ်-၁၉ နှင့်သက်ဆိုင် သော ပြည်သူလူထုအမေးများနိုင်သည့် ကျန်းမာရေးအသိပညာပေး သတင်းအချက် အလက်များအား စက်မှအလိုအလျောက် ဖြေကြားခြင်းရှိသလို ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးလိုပါက လိုင်းခွဲနံပါတ်(၀)နှင့် Quarantine Center များမှ မေးမြန်းမှုများ အတွက် လိုင်းခွဲနံပါတ်(၆)သို့ ခေါ်ဆိုနိုင်ပြီး လူတစ်ဦးလျှင် အချိန်(၆)မိနစ်ခန့် မေးမြန်းနိုင် ကြောင်း ဆေးသုတေသနဦးစီးဌာနမှ သိရသည်။

ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး“2019” သို့ခေါ်ဆိုပြီး လိုင်းခွဲ နံပါတ်(၁)တွင် ရောဂါလက္ခဏာများအကြောင်း၊ လိုင်းခွဲနံပါတ်(၂)တွင် ကူးစက်နိုင်သော နည်းလမ်းများအကြောင်း၊ လိုင်းခွဲနံပါတ်(၃) တွင် ကာကွယ်နိုင်သော နည်းလမ်းများ အကြောင်း၊ လိုင်းခွဲနံပါတ်(၄)တွင် အသွား အလာ ကန့်သတ်ခြင်းအကြောင်း၊ လိုင်းခွဲ နံပါတ်(၅)တွင် နောက်ဆုံးရ ကိုဗစ်-၁၉ ပိုးတွေ့ လူနာအရေအတွက်အကြောင်းတို့အား လိုင်းခွဲ နံပါတ်(၅)ခုမှ အလိုအလျောက် စနစ်ဖြင့် ဖြေကြား ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - မင်းသစ်(MNA)

ဓာတ်ပုံ - နေလင်း