Skip to main content

အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်

နေပြည်တော် ဇွန် ၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာနအဖွဲ့ရုံးများမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ဌေးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိဘများအနေဖြင့် သားသမီးများကို ငယ်ရွယ်စဉ်ကပင် လိမ္မာရေးခြားရှိစေရန်၊ ကျန်းမာသန်စွမ်းစေရန် သွန်သင်ဆုံးမ ပြုစုပျိုးထောင်ပေးသူများဖြစ်ကြရာ သားသမီးများအပေါ် စံနမူနာပြပြောဆိုကြရန် လိုအပ်ကြောင်း၊ ကလေးများပညာရေးနှင့်ပတ်သက်၍ သားသမီးများ၏ ဝါသနာအရင်းခံသည့် ပညာဆည်းပူးမှုကို ရွေးချယ်ခွင့်ပေးစေလိုကြောင်း၊ သို့မှသာ မိမိတတ်ကျွမ်းသည့် ပညာရပ်များဖြင့် လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်၍ နိုင်ငံတော်၊ ပြည်သူနှင့် မိမိမိသားစုအပေါ် အကျိုးပြုဆောင်ရွက်နိုင်မည့်သူများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးကို ဆုံးခန်းတိုင်သင်ယူကြမှသာ မိမိတို့၏ဘဝလမ်းခရီးများ အဆင်ပြေချောမွေ့မည်ဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူများအားလုံး လုံ့လဝီရိယစိုက်ထုတ်၍ စာကိုကြိုးစားသင်ယူကြရန် တိုက်တွန်းပြောကြားသည်။

ထောက်ပံ့ကြေးများပေးအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်း သား သမီး ကျောင်းသား ကျောင်းသူများအတွက် ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များထံသို့ ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ကြပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်