နေပြည်တော် မတ် ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ ရာမညဖွံ့ဖြိုးတိုးတက်ရေးသမဝါယမအသင်းလီမိတက်၏ အအေးခန်းသိုလှောင်သစ်သီးဝလံပန်းမန် လက်လီလက်ကားအရောင်းဆိုင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ အသင်းအမှုဆောင်များနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူများ စိုက်ပျိုးထုတ်လုပ်လျက် ရှိသည့် ပန်း၊ ဒူးရင်းသီး၊ နာနတ်သီး၊ ကျွဲကော၊ ကြက်မောက်စသည့် ဒေသထွက်ကုန် သီးနှံများကို အအေးခန်းသိုလှောင်ရုံတွင် သိုလှောင်ထိန်းသိမ်းထားရှိကာ တန်ဖိုးမြှင့်ထုတ်လုပ်ရောင်းချခြင်းဖြင့် အသင်းသားတောင်သူများ၏ မိသားစုဝင်ငွေ တိုးပွားလာမည်ဖြစ်ကြောင်း၊ ပြည်တွင်းဖူလုံသည်သာမက ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့်လည်း နိုင်ငံခြားဝင်ငွေရရှိလာမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အသင်းအမှုဆောင်များက ဦးဆောင်၍ အသင်းသားများ တက်ညီလက်ညီ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အသင်းအကျိုးစီးပွားတိုးတက်မြင့်မားရေးကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားကာ အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကောင်းလျှံအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မုဒုံမြို့နယ် ကော့ဟဘင်လမ်းအရှေ့ဘက် ဒုံကနီရပ် မြို့မ(၂)ရပ်ကွက်ရှိ မြေနေရာတွင် အဆင့်မြင့်ခရမ့်ရော်ဘာကြိတ်ခွဲ သိုလှောင်ရုံအဆောက်အအုံဆောက်လုပ်မည့် စီမံကိန်းနှင့် ပတ်သက်၍ တာဝန်ရှိသူများအား ဒေသထွက် ရော်ဘာကုန်ကြမ်းများ လေလွင့်ဆုံးရှုံးမှုမရှိစေ ရေး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင် တစ်နှစ်သင်တန်း၊ လက်ရက်ကန်း (၆) လသင်တန်း တက်ရောက်နေကြသော သင်တန်းသား သင်တန်းသူများကို တွေ့ဆုံ အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန လေးခုမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများ၊ သင်တန်းကျောင်းအုပ်ကြီး၊ နည်းပြဆရာ ဆရာမများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး၍ မိသားစုဝင်ငွေတိုးပွားရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းချိတ်ဆက်မှု အားကောင်းစွာ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
