Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဥပ္ပါတသန္တိစေတီတော် ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမအုန်းတောပရိယတ္တိစာသင်တိုက် မဟာအာရုံခံဗိမာန်တော်၌ အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များ၊ သီလရှင်များနှင့် ပျဉ်းမနားစာဖြေဌာနရှိ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် နဝကမ္မအလှူငွေကျပ် ၁၀ သိန်း ဆက်ကပ်လှူဒါန်းသည်။

ယနေ့ကျင်းပသော ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ပျဉ်းမနားစာဖြေဌာန၌ သံဃာ ၁၂၁ ပါးနှင့် သီလရှင်တစ်ပါး စုစုပေါင်း ၁၂၂ ပါး စာရင်းသွင်းပြီး စာဖြေသံဃာ ၉၂ ပါး ဝင်ရောက်ဖြေဆိုတော်မူကြသည်။

၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဓမ္မာစရိယစာဖြေဌာန ၆၅ ဌာနတွင် ၂၀၂၅ ခုနှစ် မတ် ၂၅ ရက်မှစတင်၍ ကျင်းပဖြေဆိုခဲ့ရာ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ယာယီရပ်ဆိုင်းခဲ့ရသဖြင့် ဖြေဆိုရန်ကျန်ရှိသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို ဇွန် ၂ ရက်မှ ၆ ရက်အထိ ပြန်လည်ကျင်းပလျက်ရှိသည်။ ယနေ့ အစိုးရဓမ္မာစရိယစာမေးပွဲသည် ဖြေဆိုရန်ကျန်ရှိသော ဓမ္မသင်္ဂဏီ(ပထမနေ့) စတင်ဖြေဆို ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲများကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ အစိုးရပါဠိပထမပြန်စာဖြေဌာန ၂၀၆ ဌာနတို့တွင် ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီးကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ် ထိခိုက်ပျက်စီးခဲ့မှုများကို စက်ယန္တရားများအသုံးပြု၍ ပြုပြင်မွမ်းမံရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဥပ္ပါတသန္တိစေတီတော် ပြုပြင်မွမ်းမံရေးလုပ်ငန်းများတွင်လုပ်အားဒါန ကုသိုလ်ပြုကြသည့် ကြည်း၊ ရေ၊ လေ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၃၇၀၈၇၀၀ လှူဒါန်းသည်။

ယင်းနောက် ဥပ္ပါတသန္တိစေတီတော် ပြုပြင်မွမ်းမံရေးလုပ်ငန်း ကော်မတီဝင်များ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်