တောင်ကြီး ဇွန် ၂
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများအနက် အသက်(၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ၊ အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့နှင့်အတူ လက်ခံကျင်းပမည့် အားကစားကွင်း၊ အားကစားရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများကျင်းပမည့် ပြည်နယ်အားကစားကွင်းကိုကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲဖြစ်သည်နှင့်အညီ အားကစားကွင်းကို ပြိုင်ပွဲကွင်းအဆင့်နှင့် လျော်ညီအောင် ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ပြိုင်ပွဲကာလအတွင်း လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်၊ အားကစားကွင်းစိမ်းလန်းစိုပြည်ရေး ဆက်လက်ထိန်းသိမ်းထားရှိရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲများနှင့် အမျိုးသားဖူဆယ်ပြိုင်ပွဲကျင်းပမည့် ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၊ အရန်လေ့ကျင့်ရေးကွင်းများ၊ အားကစားသမားများ တည်းခိုဆောင်၊ အားကစားသမားစားရိပ်သာ၊ ပြိုင်ပွဲကျင်းပရေးနှင့် ပြိုင်ပွဲကြီးကြပ်မည့် ဒိုင်အဖွဲ့များထားရှိသည့် တည်းခိုဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘော်လီဘောပြိုင်ပွဲဝင်အသင်းများကို လက်ဖက်ရည်ဝိုင်းဖြင့် ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက အားကစားသမားများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအား၊ စည်းလုံးမှု၊ စံချိန်၊ စံညွှန်း၊ စံနှုန်းများအားကျင့်သုံးပြီး နိုင်ငံတော်က အားထားရသည့် မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းများဖြစ်စေရေးပြိုင်ပွဲမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)