Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးနေမျိုးလှိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ ကျောင်းစုဝေးကွင်းတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း၊ မြန်မာ့ကျောင်းသီချင်း၊ ဇာတိမာန်သီချင်းသီဆိုခြင်းနှင့် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းတို့ကို ကြည့်ရှုအားပေး၍ စာသင်ခန်းအတွင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားပြောကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ်(ပြည်စံအောင်) အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာနှင့် စက်မှုစိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းအပ်လက်ခံနေမှုများ၊ စာသင်ခန်း၊ စာသင်ဆောင်များ၊ ကျောင်းစာကြည့်တိုက်များ၊ ကျောင်းဝင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ စာသင်ကျောင်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ တစ်ပြိုင်တည်းစတင်ဖွင့်လှစ်ကြပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်