နေပြည်တော် ဇွန် ၂
ငလျင်ကြောင့် အိမ်ရာပြိုကျခဲ့သည့် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအတွက် အဝတ်အထည်နှင့် အသုံးအဆောင်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အင်အားအလွန်ပြင်းသည့် မန္တလေးငလျင်ကြီးကြောင့် မိမိတို့ဝန်ထမ်းများ၏ အိမ်ရာများ ထိခိုက်ပျက်စီးပြိုကျမှုများအရ ကိုယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ခြင်းအပေါ် ထိုက်သင့်သည့် ထောက်ပံ့ကူညီမှုဖြစ်စေရန် မိမိတို့ဝန်ကြီးဌာနနှင့် အလှူရှင်များက စွမ်းအားရှိသရွေ့ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တစ်ဦးချင်း၏ နေထိုင်စားသောက်မှု အားနည်းချက်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ဂရုပြုနေထိုင်သွားကြရန်နှင့် ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြ၍ အကူအညီရယူနိုင်ကြပါကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ငလျင်ကြောင့် အိမ်ရာပြိုကျခဲ့သည့် ဝန်ထမ်း ၆၀ အတွက် ခုတင်၊ မွေ့ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးနှင့် အဝတ်အထည်အပါအဝင် တစ်ဦးလျှင် ထောက်ပံ့ပစ္စည်းခုနစ်မျိုးကို ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
သတင်းစဉ်