Skip to main content

နေပြည်တော်နှင့် မန္တလေးမြို့များအတွင်း ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော် မေ ၁၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ မေ ၁၈ ရက်တွင် ၄၈ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မေ ၁၈ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ Export Quality) ၄၅ အိတ်၊ ဆန် ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၁၇ အိတ်၊ ဆီ ပိဿာ ၁၃၂၀ ၊ ဆား ၇ ပိဿာ ၅၀ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၄၅ ထုပ်၊ ငါးပိ ၁ ပိဿာ ၄၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ အထုပ် ၂၀ ၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၁၁ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၁၅ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၁၄ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၁ ထုပ်၊ ကြက်ဥအလုံး ၄၂၀၊ ဘဲဥ အလုံး ၅၀၊ ခေါက်ဆွဲခြောက် ကိုးထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး(အရောင်းယာဉ်)ဖြင့် ၂၀၂၅ ခုနှစ် မေ ၅ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်