Skip to main content

နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ရွေးချယ်တင်မြှောက်

နေပြည်တော် ဧပြီ ၃

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၅၈၆) ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ (၅၈၄)ဦး တက်ရောက်ကြသဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ အစီအစဉ်များကို လွှတ်တော်သို့ အသိပေးကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူပြီး အတည်ပြုမှတ်တမ်းတင်သည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးပါဝင်သည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်ကြသည့် ဒုတိယသမ္မတ ၃ ဦးအနက်မှ ဒုတိယသမ္မတ ၁ ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲလက်မှတ်ပုံစံ(၁၀)ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေအရ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရန် ဆန္ဒမဲပေးခြင်းကို မိမိအပါအဝင် နိုင်ငံတော်သမ္မတရွေးချယ်ရေးတင်မြှောက်အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်တွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ ဆန္ဒမဲပေးပုံပေးနည်းနှင့် ပယ်မဲအဖြစ်ဆုံးဖြတ်သတ်မှတ်မည့် ဆန္ဒမဲလက်မှတ်တို့ကို လွှတ်တော်သို့ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များ၏ ရှေ့မှောက်၌ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်နိုင်ရန် ဆန္ဒမဲပေးပွဲတွင်အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက်သည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များသည် ပြည်ထောင်စုလွှတ်တော်ရုံး ဝန်ထမ်းများထံမှ ဆန္ဒမဲလက်မှတ်များကို တစ်ဦးချင်းလက်မှတ်ရေးထိုးထုတ်ယူကြပြီး သတ်မှတ်ထားသည့်နေရာတွင် လျှို့ဝှက်ဆန္ဒပြုကာ ဆန္ဒမဲပုံးများအတွင်းသို့ ဆန္ဒမဲလက်မှတ်များ ထည့်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၄၃၊ နည်းဥပဒေခွဲ (ဋ)အရ ကိုယ်စားလှယ်များကို ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ်အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်တို့ ကိုက်ညီခြင်း ရှိ/မရှိကို နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များရှေ့မှောက်၌ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရေတွက်စစ်ဆေးကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များကို ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ်အရေအတွက် ၅၈၄ ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၅၈၄ ဖြစ်သည့်အတွက် ကိုက်ညီမှုရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၄၃၊ နည်းဥပဒေခွဲ (ဋ)၊ နည်းဥပဒေခွဲငယ် (င) အရ ဆန္ဒမဲပေးပွဲ အထမြောက်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရန် လျှို့ဝှက်ဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ်များကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များရှေ့မှောက်၌ ဖွင့်လှစ်ပြီး သက်ဆိုင်ရာနည်းဥပဒေများနှင့်အညီ စိစစ်ရေတွက်ပြီး နိုင်ငံတော်သမ္မတလောင်း တစ်ဦးချင်းစီရရှိသော ထောက်ခံဆန္ဒမဲ အများ၊ အနည်းအလိုက် အမည်စာရင်းပုံစံ(၁၅)တွင် နိုင်ငံတော်သမ္မတ စိစစ်ရေးအဖွဲ့ဝင်များက လက်မှတ်ရေးထိုး မှတ်တမ်းတင်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက သမ္မတလောင်းတစ်ဦးချင်းရရှိသည့် ထောက်ခံဆန္ဒမဲ အများ၊ အနည်းအလိုက် အမည်စာရင်းကိုကြေညာရာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ခံဆန္ဒမဲ ၄၂၉ မဲ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဦးညိုစောက ထောက်ခံဆန္ဒမဲ ၁၂၆ မဲ၊ ရွေးကောက်ခံအမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ နိုင်ငံတော်သမ္မတလောင်း ဒေါ်နန်းနီနီအေးက ထောက်ခံမဲ ၂၉ မဲ အသီးသီးရရှိကြသည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်နာယကက ထောက်ခံဆန္ဒမဲအများဆုံးရရှိသည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာသည်။

ဆက်လက်၍ ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ဒုတိယသမ္မတများအဖြစ် ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ အစည်းအဝေးပြီးဆုံးကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။