နေပြည်တော် မေ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား - တောင်ညိုလမ်း မြို့မဈေးအနီးနှင့် ရေပန်းဥယျာဉ်မုခ်ဦးအနီး၌ သီးခြားစီကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၈) အခြေခံပညာအထက် တန်းကျောင်းသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် ကျောင်းဆောင်များ၏ ပြုပြင်တည်ဆောက်နေမှုအခြေအနေများ၊ ယာယီ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဖွင့် ချိန်အမီ အချိန်နှင့်တစ်ပြေးညီပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေ၊ မီး ရရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်စင်ခန်းများ တည်ဆောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာရေးတို့အတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းများအားလုံးတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားသည်ဖြစ်ရာ စနစ်တကျကြိုတင် ပြင်ဆင်ထားကြရန်လိုကြောင်း ပြောကြားပြီး ကျောင်းအပ်နှံရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသားကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်ရန် နှစ်ခန်းတွဲ ဘာရှာအဆောက်အအုံတည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား နေအိမ်များခိုင်ခံ့မှုရှိစေရေး၊ မိုးဒဏ်လေဒဏ်ခံနိုင်မှုရှိစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ ရေ၊ မီးရရှိရေး၊ မိလ္လာကန်များတည်ဆောက်ရေးတို့ကို ဆောင်ရွက်ကြရန်မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်