နေပြည်တော် မေ ၁၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်ရင်ပြင်တော်တက်လမ်း ယာယီအာရုံခံတန်ဆောင်း၌ မန္တလေးငလျင်ကြီးကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်ထိခိုက်ပျက်စီးခဲ့မှုများ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ တင်ပြခြင်းနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဥပ္ပါတသန္တိစေတီတော် ပြုပြင်မွမ်းမံရေးလုပ်ငန်းကော်မတီအနေဖြင့် ရင်ပြင်တော်ကျောက်ပြားများဖယ်ရှားခြင်း၊ ဆယ်တင်ခြင်း၊ စုပုံခြင်းလုပ်ငန်းများကို အလေးထားကြီးကြပ်သွားရန်၊ ဓာတ်လှေကားများ ပြန်လည်တပ်ဆင်နိုင်ရေး ဆောင်ရွက်သွားရန်၊ ရင်ပြင်တော်အရှေ့မြောက်ထောင့်ရှိ ဆုတောင်းပြည့်စေတီတော် ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်ရန်၊ ရင်ပြင်တော်ပေါ်ရှိ ပေ ၇၀ x ပေ ၁၄၀ ရှိ ဓမ္မာရုံအား ဖျက်သိမ်းသွားရန်၊ စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၊ ပိဋကတ်ပြတိုက်၊ သံဃာရာမကျောင်းဆောင်များအား ပြင်ဆင်နိုင်ရေး ဆောင်ရွက်နိုင်ရန်နှင့် စေတီတော်ကြီး ပြုပြင်မွမ်းမံနိုင်ရေးအတွက် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေများရရှိနိုင်ရေး စီမံဆောင်ရွက်ထားရှိသွားရန်နှင့် ပြုပြင်မွမ်းမံနိုင်ရေး ဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများကို အစဉ်မပြတ် တင်ပြသွားရန်ပြောကြားသည်။
ယင်းနောက် ဥပ္ပါတသန္တိစေတီတော် ပြုပြင်မွမ်းမံရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းက စက်ယန္တရားများဖြင့် ရင်ပြင်တော်ပေါ်တွင် ဆောင်ရွက်နေမှုအခြေအနေများ၊ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိက ယနေ့အထိ စစ်သည်အင်အား ၁၀၀၀ ဖြင့် ကျောက်ပြားများ ခွာယူဆယ်တင်ခြင်း၊ စုပုံခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ အနောက်တောင် ဓာတ်လှေကားစက်များကိုဖျက်သိမ်းပြီး အရှေ့တောင်ဓာတ်လှေကားနှင့်ပေါင်းစပ်၍ အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရေးနည်းပညာအထောက်အကူပြု ဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်လတ်က ရင်ပြင်တော်အရှေ့မြောက်ဘက်မှ ပေ ၆၄၀ အရှည်ရှိသော ရင်ပြင်တော်တက်လမ်း ဖောက်လုပ်လျက်ရှိမှု၊ စက်သုံးဆီလိုအပ်မှုများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယန္တရားများဖြင့် ရင်ပြင်တော်တက်လမ်းဖောက်လုပ်နေမှုကို လိုက်လံကြည့်ရှုပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်ထိခိုက်ပျက်စီးခဲ့မှုများ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်