Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားတက်ရောက်ပြီး လပွတ္တာမြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

အမွှေးနံ့သာများပက်ဖျန်း

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက မြေစိုက်ပိုစတာအား အမွှေးနံ့သာများပက်ဖျန်းကြပြီး ပုသိမ်မြို့အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့များကို ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် လပွတ္တာမြို့နယ် ရေဆိုင်ကျေးရွာအုပ်စု စမ်းချောင်းကျေးရွာရှိ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့ ရောက်ရှိပြီး ခိုင်းကျွဲများ တိုးတက်မွေးမြူထုတ်လုပ်ဖြန့်ဖြူး နိုင်ရန်၊ ခိုင်းကျွဲ၊ နွားအစာထုတ်လုပ် ကျွေးမွေးခြင်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြား၍ လပွတ္တာမြို့နယ် တက်စ်ကမ်မရိန်း လပွတ္တာလီမိတက်သို့သွားရောက်ပြီး ကဏန်းပျော့မွေးမြူ၊ထုတ်လုပ်ပုံအဆင့်ဆင့် ဗီဒီယိုမှတ်တမ်းကိုကြည့်ရှုသည်။

ဆက်လက်၍ လပွတ္တာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံများနှင့် ငါး၊ ပုစွန်၊ ကဏန်းလုပ်ငန်းရှင်များက မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် စူပါရွှေကဏန်း မွေးမြူရေးလုပ်ငန်းသို့သွားရောက်၍ ကဏန်းပျော့မွေးမြူ၊ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် လပွတ္တာမြို့နယ် ရွေးမြစ်နှင့် ပြာမလော့မြစ်အကြားတွင် တည်ဆောက်ရေး (၉)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေငန်တားတာများ တည်ဆောက်ခြင်း စီမံကိန်းနှင့် မြစ်ကြိုးကြီးရေတံခါး (၆ ပေ x ၆ ပေ) ၄ ပေါက် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားကာ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များနှင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်သည်။

ထို့နောက် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းတည်ဆောက်မည့် မြေနေရာအတွက်မြေပေးမိန့်ကို လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကပေးအပ်ရာ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက လက်ခံရယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကားပြောကြားကာ ဒုံးယိမ်းအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်