Skip to main content

ဝစီဒုစရိုက် လေးပါးနှင့် အမုန်းစကားတို့ ရှောင်ကြဉ်

ရဟန်းတို့၊ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသောစကားသည် ကောင်းစွာ ဆိုအပ်သည်မည်၏။ မကောင်းသဖြင့် ဆိုအပ်သည်မမည်။ အပြစ်လည်းမရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်။ အဘယ်ငါးမျိုးတို့နည်း ဟူမူ- အခါကာလ အားလျော်စွာ ပြောဆိုအပ်သည်လည်းဖြစ်၏။ မှန်ကန်သောစကားကို ပြောဆိုအပ်သည်လည်းဖြစ်၏။ သိမ်မွေ့သောစကားကို ပြောဆိုအပ်သည်လည်းဖြစ်၏။ အကျိုးစီးပွားနှင့် စပ်သောစကားကို ပြောဆိုအပ်သည်လည်းဖြစ်၏။ မေတ္တာစိတ်ဖြင့် ပြောဆိုအပ်သည်လည်းဖြစ်၏။ ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသောစကားသည် ကောင်းစွာဆိုအပ်သည်မည်၏။ မကောင်းသဖြင့် ဆိုအပ်သည်မမည်၊ အပြစ်လည်းမရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်ဟု မြတ်စွာဘုရားက မိန့်တော်မူခဲ့ကြောင်း အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဝါစာသုတ်၌ ဖော်ပြထားသည်။

ဝစီကံသည်နှုတ်ဖြင့် အလွယ်တကူပြုလုပ်နိုင်သည့်အလျောက် အကျိုးနှင့်အပြစ်တို့ကို မဆင်ခြင်နိုင်ဘဲ အလွယ်တကူပြုလုပ်လေ့ရှိကြသည်။ သို့ဖြစ်ရာ လူတို့ပြုလုပ်လေ့ရှိကြသည့် မကောင်းမှုဒုစရိုက်တို့တွင် ဝစီဒုစရိုက်က အများစုဖြစ်သည်။ မဟုတ်မမှန် ပြောဆိုခြင်း၊ ကုန်းတိုက်စကားပြောဆိုခြင်း၊ ကြမ်းတမ်းသောစကား ပြောဆိုခြင်း၊ သိမ်ဖျင်းသောစကားပြောဆိုခြင်းတို့သည် ဝစီဒုစရိုက်လေးမျိုးဖြစ်ပြီး မိမိတို့နေ့စဉ်ဘဝများတွင် ကြားနေ၊ မြင်နေကြရခြင်းလည်း ဖြစ်သည်။ မျက်မှောက်ခေတ်သည် ဆက်သွယ်ရေးနည်းပညာ တိုးတက်ထွန်းကားသည့် ခေတ်လည်းဖြစ်ရာ မိမိတို့ပတ်ဝန်းကျင်မှာ သာမက လူမှုကွန်ရက်များတွင်ပါ ဝစီဒုစရိုက်အမှုများ တွင်တွင်ကျယ်ကျယ်ပြုနေကြသည်ကို ကြားသိနေကြရခြင်းဖြစ်သည်။

ယနေ့ မိမိတို့ လူ့အဖွဲ့အစည်းတွင် အသုံးပြုနေကြသည့် လူမှုကွန်ရက်များ၌ အမုန်းစကားပြောဆိုမှုများ၊ ဖြန့်ဝေမှုများ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေကြသည်ကို နေ့စဉ်တွေ့မြင်နိုင်သည်။ လူမျိုး၊ ဘာသာကွဲပြားမှုအများအပြားရှိနေသည့် နိုင်ငံတွင် ထိလွယ်၊ ရှလွယ် ဖြစ်လေ့ရှိသည့် လူမျိုးရေး၊ ဘာသာရေးတို့ကို အကြောင်းပြု၍ နိုင်ငံနှင့် လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှုမရှိအောင်၊ လူမှုအသိုက်အဝန်းများ တစ်ခုနှင့်တစ်ခုကြားတွင် ရန်ငြိုးရန်စ ရန်မီးပွားတို့ ဖြစ်လာအောင် သွေးထိုးလှုံ့ဆော်နေကြခြင်းပင်ဖြစ်သည်။ စင်စစ်အမုန်းစကားဆိုသည်မှာ ဝစီဒုစရိုက်အားလုံး ပေါင်းရုံးပါဝင်နေသည့် စကားယုတ်၊ စကားညံ့ပင်ဖြစ်သည်။ ဤသို့သော စကားကို ကြားကြရသည့်အခါ မကောင်းကျိုးအတွက် ရည်ရွယ်သော ဒုစရိုက်စကားဖြစ်သည့် အလျောက်ကြားရသူတိုင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ကြစေနိုင်သည်။ မိမိရင်ထဲတွင် ယခင်က မရှိခဲ့သော ဒေါသမီးသည်လည်း အမုန်းစကား ကြားမိသည့်အခါတွင်မှ တောက်လောင်လာနိုင်သည်။ ယခင်က ရန်ဘက်မဟုတ်ခဲ့သည့် အခြားတစ်ဖက်ကို အမုန်းစိတ်ဝင်ကာ ရန်ဘက်အဖြစ် သတ်မှတ်လာနိုင်သည်။ ဤသည်မှာ အမုန်းစကားကို ဖြန့်ဝေသူ ဒုစရိုက်သမား၏ ရည်ရွယ်ချက်အမှောင့် ပယောဂ အောင်မြင်သွားခြင်းပင်ဖြစ်သည်။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ် ဆက်လက်လျှောက်လှမ်း၍ နိုင်ငံဖွံ့ဖြိုးရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားရေးတို့ကို ဆောင်ရွက်လျက်ရှိရာတွင် မျက်မှောက်ကာလ၌ စိန်ခေါ်မှုများစွာ၊ အဖျက်အမှောင့်များစွာတို့ကိုလည်း ရင်ဆိုင်ဖြေရှင်း ကျော်လွှားနေရသည်။ မျက်မှောက်ကမ္ဘာ့နိုင်ငံရေးအခြေအနေများ၊ မိမိတို့ပြည်တွင်း၌ ဖြစ်ပေါ်နေသည့်အခြေအနေများကို ဆက်စပ်၍ သုံးသပ်ကြည့်မည်ဆိုပါက နိုင်ငံအတွက် အန္တရာယ်ကြီးမားလျက်ရှိသည်ကို တွေ့ရှိနိုင်ကြမည်ဖြစ်သည်။ သို့ဖြစ်ရာ လူမျိုးရေး၊ ဘာသာရေး စသည်တို့နှင့်စပ်လျဉ်း၍ တို့မီးရှို့မီးလုပ်မှု၊ သွေးထိုးမှု၊ လှုံ့ဆော်မှုဟူသမျှတို့ကို ပညာဉာဏ်ဖြင့် ဆင်ခြင်သတိပြုကြရန်နှင့် ယင်းသို့သော လုပ်ရပ်များကို တွေ့မြင်ကြားသိကြပါက တညီတညွတ်တည်း ဝိုင်းဝန်းဆန့်ကျင် တားဆီးကြရန်လိုသည်။ အသိအမြင် အားနည်းသူတို့ကို လမ်းမှားသို့ မလိုက်မိကြစေရန်နှင့် မှန်ကန်သည့် အသိတရားတို့ ဖြစ်ပေါ်လာစေရန် လမ်းပြပေးရန်လိုပြီး မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းတစ်ရပ်လုံး တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးသည် မြန်မာဟူသောစိတ်ဓာတ်ဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်လိုသည်။

သက်ရှိသတ္တဝါများအနက် လူ၏ ထူးခြားချက်မှာ စကားပြောတတ်ခြင်း၊ စကားပြောနိုင်ခြင်းပင်ဖြစ်သည်။ ပြောဆိုသော စကားအားဖြင့် လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်၊ ဆက်ဆံနိုင်ကြသည်၊ အသိပညာဖလှယ်နိုင်ကြသည်။ မိမိ၏ထင်မြင်ယူဆချက်နှင့် သဘောထားတို့ကိုလည်း သိစေနိုင်ကြသည်ဖြစ်ရာ စကားကြောင့် အကျိုးဖြစ်ထွန်းကြသည်။ သို့ဖြစ်ရာ စကားကြောင့် လူ့အဖွဲ့အစည်း၏ ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်စေပြီး အကျိုးမဲ့စေမည့်အစား တစ်ဦးနှင့်တစ်ဦး၊ အသိုက်အဝန်းတစ်ခုနှင့်တစ်ခု ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုတို့ဖြစ်ပေါ်စေပြီး လူ့ဘောင်ဘဝ သာယာချမ်းမြေ့ရေးအတွက် ချိန်ခါကိုက်ညီသည့်စကား၊ မှန်ကန်သည့်စကား၊ ယဉ်ကျေးသည့်စကား၊ အကျိုးဖြစ်ထွန်းစေသည့် စကား၊ မေတ္တာနှင့်ယှဉ်သည့် စကားတို့ကိုသာ လူတိုင်းပြောကြားကြရပါမည့်အကြောင်း။ ။