Skip to main content

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆင်သေရေလွှဲဆည်မှ စိုက်ပျိုးရေပြန်လည်ပေးဝေ

နေပြည်တော် မေ ၁၅

မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ ရေလှောင်တမံကြီးများ ထိခိုက်ပျက်စီးမှုများမရှိခဲ့သော်လည်း ဆင်သေရေလွှဲဆည်တွင် အလျားပေ ၁၅၀ ခန့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ယာယီပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်၍ ဧပြီ ၈ ရက်တွင် လယ်ယာမြေ ၄၅၂ ဧကကို စိုက်ပျိုးရေစတင်ပြန်လည်ပေးဝေနိုင်ခဲ့ပြီး နောက်ဆက်တွဲငလျင်များကြောင့် ဧပြီ ၁၂ ရက်တွင် ဆင်သေရေလွှဲဆည်မှာ ဒုတိယအကြိမ် ထပ်မံထိခိုက်မှု ဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။

စိုက်ပျိုးရေ အမြန်ပြန်လည်ပေးဝေနိုင်ရန်အတွက်ဌာနရှိ စက်ယန္တရားကြီးများဖြင့် ယာယီရေတားတမံတည်ဆောက်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများကကြီးကြပ်၍ နေ့/ည မပြတ်ဆောင်ရွက်ခဲ့ရာ လက်ယာတူးမြောင်းရေသောက်စနစ်ရှိ လယ်ယာမြေများအား ဧပြီ ၁၇ ရက်တွင် စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ခဲ့ပြီး မေ ၁၂ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ စိုက်ပျိုးပြီးနွေစပါး ၂၂၇၉ ဧကကို ရာနှုန်းပြည့် စိုက်ပျိုးရေပေးဝေနိုင်ခဲ့သည်။

အလားတူ လက်ဝဲတူးမြောင်းမကြီးမှလည်း စိုက်ပျိုးရေအမြန် ပြန်လည်ပေးဝေနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၁ ရက်မှစတင်၍ ရေတင်စက် (၂) စုံဖြင့် ရေကူပေးဝေနိုင်ခဲ့ပြီး ပိုမိုကောင်းမွန်သောစနစ်အဖြစ် ဆင်သေချောင်းအတွင်းမှ ရေကို တိုက်ရိုက်ရေခေါ်မြောင်းတူးဖော်ခြင်းလုပ်ငန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာ မေ ၂ ရက်တွင် လက်ဝဲတူးမြောင်းမ ကြီးသို့ စိုက်ပျိုးရေတိုက်ရိုက်ဖြည့်သွင်းပေးနိုင်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ အနီးကပ်ကြီးကြပ် စစ်ဆေးညွှန်ကြားမှု၊ ဌာနမှဝန်ထမ်းများ၊ ဒေသခံအုပ်ချုပ်ရေး အဖွဲ့များ၊ တောင်သူများ ပူးပေါင်း၍ ရေလှည့်စနစ်၊ ရေစီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ရေပေးဝေခဲ့ရာ မေ ၁၃ ရက် ညနေပိုင်းတွင် လက်ဝဲ တူးမြောင်းမကြီးရှိ စိုက်ပျိုးပြီး ၆၆၅၅ ဧကကို အပြည့်အဝ ရေပေးဝေနိုင်ခဲ့သည်။

မေ ၁၅ ရက်တွင် ဆင်သေရေလွှဲဆည်ရေသောက်စနစ်ရှိ စိုက်ပျိုးပြီး နွေစပါးစုစုပေါင်း ၈၉၃၄ ဧကကို အပြည့်အဝ ရေပေးဝေထားရှိပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍ စပါးရိတ်သိမ်းပြီးချိန်အထိ လိုအပ်သော စိုက်ပျိုးရေအပြည့်အဝပေးဝေရေးကို တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်