နေပြည်တော် မေ ၁၄
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့်ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၄၄ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မေ ၁၄ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဈေးကားရှစ်စီးဖြင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Gold Camp) အားကစားစခန်း၊ တပ်ကုန်းမြို့နယ်ပညာရေးမှူးရုံး၊ ပုဗ္ဗသီရိ မြို့နယ်ပညာရေးမှူးရုံး၊ တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပင်စင်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်ကောင်စီရုံးဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်ခြောက်ပြည် ပါ (မနောသုခ- Export Quality) အိတ် ၆၀၊ ဆန် ငါးပြည်ပါ (ဖျာပုံ ပေါ်ဆန်း) ၂၂ အိတ်၊ ဆီပိဿာ ၁၇၆၀၊ ဆား ၁၁ ဒသမ ၂၅ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၇၅ ထုပ်၊ ငါးပိ သုံးပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သား ၂၅ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သား ၂၃ ထုပ်၊ ငါးနီတူ ခြောက် ၁၀ ကျပ်သား ၂၅ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သား အထုပ် ၃၀၊ ငါးရောင်ခြောက် ၁၀ ကျပ်သား အထုပ် ၂၀၊ ကြက်ဥအလုံး ၈၀၀၊ ဘဲဥ အလုံး ၈၀၊ ခေါက်ဆွဲ ခြောက် ၁၄ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖို ချောင်သုံးပစ္စည်းများစသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် မေ ၅ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။ ထို့အပြင် မေ ၁၄ ရက်တွင် အမဲသား ၈၅ ပိဿာ၊ ဝက်သား ပိဿာ ၉၀ တို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားတစ်စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။
ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် မေ ၁၄ ရက်တွင် ခရမ်းချဉ်သီးပိဿာ ၁၅၀၊ အာလူး ၃၃၇ ပိဿာ၊ ဂေါ်ဖီ ထုပ် ၇၅ ထုပ် ၊ ပန်းဂေါ်ဖီ ၁၁၂ ပွင့်၊ ကြက်သွန်ဖြူ ၁၉၂ ပိဿာ၊ ရွှေဖရုံ သီး/ ကျောက်ဖရုံသီး ၁၃၅ ပိဿာ၊ ခရမ်းသီး ၂၂ ပိဿာ၊ မုန်ညင်းဖြူ ၇၅ ပိဿာ၊ မုန်လာဥနီ ၁၁၂ ပိဿာ၊ ငရုတ်ပွ ၃၇ ပိဿာ၊ ဗိုလ် စားပဲ ၇၅ ပိဿာ၊ ဂေါ်ရခါးသီး ၁၁၂ ပိဿာ၊ သခွားသီး ၇၅ ပိဿာနှင့် လက်ဖက်ခြောက် ခုနစ်ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင် ဒဏ်သင့်ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။
အလားတူ မေ ၁၄ ရက်တွင် စစ်ကိုင်းမြို့၌ ဈေးကား လေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ(ရွှေဝါထွန်း) သုံးအိတ်၊ စားအုန်းဆီ ပိဿာ ၃၀၊ ဆား သုံးပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ တစ်ပိဿာ၊ ငါးနီတူခြောက် တစ်ပိဿာ၊ ပုစွန်ခြောက် ၃၀ ကျပ်သား၊ ကြက်ဥ အလုံး ၇၀၊ ဘဲဥ အလုံး ၂၀၊ ကြက်သွန်နီ ငါးပိဿာနှင့် အသားတု တစ်ပိဿာတို့ကို သက်သာသောဈေးနှုန်းများ ဖြင့် ရောင်းချပေးပြီး မန္တလေးမြို့ တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက် ရှိရာ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၈ အိတ်၊ စားအုန်းဆီပိဿာ ၂၂၀၀ ၊ ဆား ၅၀ ကျပ်သား၊ ကုလားပဲ ၂၅ ကျပ်သားပါ ရှစ်ထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ တစ်ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သား နှစ်ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သား လေးထုပ်၊ ကြက်ဥ အလုံး ၂၄၅၀၊ ဘဲဥ ၆၁၅ လုံးနှင့် ခေါက်ဆွဲ ခြောက်အထုပ် ၃၀တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်