Skip to main content

နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော် မေ ၁၃

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကို ပြည်ထောင်စုနယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၄၃ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မတ် ၃၀ ရက်မှ မေ ၁၃ ရက်အထိ ပညာရေးဝန်ထမ်းအိမ်ရာ၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ယာယီကယ်ဆယ်ရေးစခန်းများ၊ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခုတင်(၅၀၀)ဆေးရုံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့်ပြည်သူများအား ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) ၆၅ အိတ်၊ ဆန်ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၅ အိတ်၊ ဆီ ပိဿာ ၁၇၆၀ ၊ ဆား ၁၃ ဒသမ ၂၅ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သား ပါအိတ် ၈၀ ထုပ်၊ ငါးပိလေးပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သား အထုပ် ၃၀၊ ငါးပုတ်သင် ၁၀ ကျပ်သား အထုပ်၂၀၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၂၈ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သား ၂၅ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သား ၂၂ ထုပ်၊ ကြက်ဥအလုံး ၇၅၀ ၊ ဘဲဥအလုံး ၉၀ ၊ ခေါက်ဆွဲခြောက် ၁၅ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသား (အသား) ပိဿာ ၁၂၀ ၊ အမဲသား(အရိုးအသား) ပိဿာ ၁၅၀ တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့်ပြည်သူများသို့ မေ ၁၃ ရက်မှစ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားကြီး(အရောင်းယာဉ်)ဖြင့် မေ ၅ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။

အလားတူ မေ ၁၃ ရက်တွင် စစ်ကိုင်းမြို့၌ ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ(ရွှေဝါထွန်း) ခုနစ်အိတ်၊ စားအုန်းဆီ ၇၅ ပိဿာ၊ ဆား သုံးပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ ကိုးဘူး၊ ငါးပိတစ်ပိဿာ၊ ငါးနီတူခြောက် ၁၀ ကျပ်သားတစ်ထုပ်၊ ပုစွန်ခြောက် ၃၀ ကျပ်သား ၊ ကြက်ဥအလုံး ၇၀ ၊ ဘဲဥ ၁၉ လုံး၊ ကြက်သွန်နီငါးပိဿာနှင့် အသားတုတစ်ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၆ အိတ်၊ စားအုန်းဆီ ပိဿာ ၂၂၀၀ ၊ ဆား နှစ်ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ ငါးထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ နှစ်ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားလေးထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သား နှစ်ထုပ်၊ ကြက်ဥအလုံး ၂၂၀၀၊ ဘဲဥ ၅၇၅ လုံးနှင့် ခေါက်ဆွဲခြောက်အထုပ် ၄၀ တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်