Skip to main content

ကျောင်းပြန်လည်ဖွင့်လှစ်ရာတွင် စာသင်ခန်း၊ လက်တွေ့ခန်းနှင့် ကွန်ပျူတာခန်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း

နေပြည်တော် မေ ၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက် ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးရှိ မြန်မာသတင်း အချက်အလက်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ် (စစ်ကိုင်း)သို့ သွားရောက်၍ မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး မှုများဖြစ်ပေါ်ခဲ့သည့် ပင်မစာသင်ဆောင်၊ အလုပ်ရုံများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များတွင် ပြိုကျပျက်စီးမှုနှင့် အကြီးစားပြုပြင်ရန် လိုအပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ အသေးစားပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း သတ်မှတ်ချက်သုံးမျိုးနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ ကျောင်းဖွင့်ကာလ၌ သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော ပြင်ဆင်မှုများကို အချိန်မီဆောင်ရွက်ရေး၊ စာသင်ခန်းများ၊ Lab ခန်းများ၊ ကွန်ပျူတာခန်းများ၊ အလုပ်ရုံများ၊ ကျောင်းသား ကျောင်းသူဆောင်များနှင့် ဝန်ထမ်းအိမ်ရာများကို လိုအပ်သော ပြုပြင်မှုများ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့သို့ရောက်ရှိပြီး မြန်မာသတင်းအချက် အလက်နည်းပညာတက္ကသိုလ်သို့ သွားရောက်ကာ ပင်မစာသင်ဆောင်တွင် ပြိုကျပျက်စီးမှုနှင့် အကြီးစားပြုပြင်ရန် လိုအပ်မှုအခြေအနေများ၊ ဝန်ထမ်းအိမ်ရာ အဆောက်အအုံများရှိ ပြုပြင်ရန်လိုအပ်မှုအခြေအနေများ၊ ICT အသုံးပြု၍ သင်ကြားသင်ယူမှုများ အရှိန်အဟုန်မပြတ် ဆောင်ရွက် နိုင်ရေးအတွက် Data Center ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းပြန်လည်ဖွင့်လှစ်ရာတွင် စာသင်ခန်း၊ လက်တွေ့ခန်းနှင့် ကွန်ပျူတာခန်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီး၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ်(မန္တလေး) သို့သွားရောက်ကာ နည်းပညာတက္ကသိုလ်(မန္တလေး)နှင့် မန္တလေးကွန်ပျူတာ တက္ကသိုလ်များရှိ ဒုတိယပါမောက္ခချုပ်များက ဇွန်လဆန်းတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြား၍ စာသင်ခန်းများ၊ ကွန်ပျူ တာခန်းများနှင့် Lab ခန်းများ အဆင်သင့်ဖြစ်စေနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်းစဉ်