နိုင်ငံတစ်ဝန်း တည်ဆောက်ဖောက်လုပ်ထားသည့် လမ်းမကြီးများမှာ အများပြည်သူကူးသန်းဆက်သွယ်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အသက်သွေးကြောများသဖွယ်ပင်ဖြစ်သည်။ လက်ရှိမိမိတို့နိုင်ငံတွင် အမြန်လမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီးများ၊ အဓိကလမ်းမကြီးများ၊ လမ်းခွဲငယ်များ၊ အာရှ/အာဆီယံ လမ်းမကြီးများဟူ၍ အမျိုးအစားများခွဲ၍ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၊ နယ်စပ်ဒေသများမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများ စသည်တို့ကို ချိတ်ဆက်ထားသည်။ အဆိုပါလမ်းမကြီးများနှင့် လမ်းကြီးလမ်းငယ်တို့မှာ နိုင်ငံတစ်ဝန်း အေးချမ်းတည်ငြိမ်သည့် ကာလများတွင် အများပြည်သူတို့ နေ့ရောညပါ ဥဒဟိုသွားလာနိုင်ခဲ့ကြရာ လမ်းတစ်လျှောက် မြို့ရွာဒေသများ စည်စည်ကားကားနှင့် စီးပွားလည်းကောင်းမွန်ခဲ့ကြသည်။
၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံရေးမတည်ငြိမ်မှုမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်မှုများ ဒေသအနှံ့အပြားတွင် ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံပိုင်အဆောက်အအုံများ၊ ရုံးဌာနများ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံခဲ့ရသည်။ ရထားလမ်းများ၊ ကားလမ်းများ၊ ရထားတံတား၊ ကားတံတားများနေရာများစွာတို့တွင် အကြိမ်ကြိမ်ဖျက်ဆီးခံခဲ့ရခြင်းကြောင့် အများပြည်သူကူးသန်းသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုတို့ ပြတ်တောက်သွားခဲ့ရသည်။ ဒေသများစွာတို့တွင် ယခင်က ရာသီမရွေး၊ နေ့ညမရွေး နာရီပိုင်းမျှဖြင့် လွယ်ကူလျင်မြန်စွာ သွားလာနိုင်ခဲ့သည့် လမ်းခရီးတို့မှာ အချိန်နှင့်ငွေကြေးအဆမတန်ကုန်ကျပြီး လုံခြုံမှုအတွက် အာမခံချက်မရှိသည့် လမ်းခရီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဆက်သွယ်သွားလာမှု ပြတ်တောက်သွားခဲ့သည့် လမ်းမကြီးများတစ်လျှောက်ရှိ မြို့ရွာများမှာလည်း စည်ကားမှုများ ခန်းခြောက်ခဲ့သည်။ ဒေသခံပြည်သူများ၏ စီးပွားအလုပ်အကိုင် အခွင့်အလမ်းများ ပျောက်ဆုံးသွားခဲ့ပြီး လူမှုစီးပွားဘဝများ နိမ့်ကျသွားခဲ့ရသည်။
နိုင်ငံအတွင်းရှိ ဒေသအချို့တွင် အကြမ်းဖက်သောင်းကျန်းသူများက အခိုက်အတန့်အားဖြင့် ထိန်းချုပ်နိုင်ခဲ့သည့်ကာလအတွင်း ဒေသခံပြည်သူများမှာ ကျီးလန့်စာစား၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံသည့်ဘ၀မျိုးဖြင့် နေထိုင်ခဲ့ကြရသည့်အလျောက် တည်ငြိမ်အေးချမ်းစွာဖြင့် စီးပွားဝမ်းစာရှာဖွေလုပ်ကိုင် စားသောက်နေထိုင်နိုင်ခဲ့သည့် ပုံမှန်အခြေအနေကို ပြန်လည်တောင့်တခဲ့ကြသည်။ မြို့ဖျက်ရွာဖျက်၊ လမ်းတံတားaဖျက် အကြမ်းဖက်အဖျက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချခဲ့ကြပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်ကို ကြိုဆိုထောက်ခံအားပေးခဲ့ကြသည်။
နှစ်နှစ်ကျော်ခန့်ကြာအောင် အသုံးပြုသွားလာနိုင်ခြင်း မရှိခဲ့သည့် ဘားအံ- ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ အများပြည်သူတို့၏ ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင်ယာဉ်များ၊ အိမ်စီးကားများ ရာနှင့်ချီ၍ ဖြတ်သန်းသွားလာနေကြပြီဖြစ်သည်။ အဆိုပါလမ်းမကြီးသည် ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သကဲ့သို့ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ အများဆုံးစီးဆင်းရာ တိုင်းရင်းသားပြည်သူများ၏ အသက်သွေးကြော လမ်းမကြီးလည်းဖြစ်သည်။ ထို့အပြင် မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းပိုင်းတွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်သော နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီးလည်းဖြစ်သည်။
ဘားအံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာမှ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၁) အထိ ၁၆၅ ဒသမ ၃၆ ကီလိုမီတာ ရှည်လျားသော ဘားအံ- ကော့ကရိတ်- မြဝတီ လမ်းကြောင်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများက တိုက်ပွဲဖော်ဆောင်ခြင်း၊ လမ်းသားများတူးထုတ်ဖျက်ဆီး၍လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများသွားလာမှုတို့ကို အကြမ်းဖက်နှောင့်ယှက်ဟန့်တားခြင်းတို့ကြောင့် အသုံးပြုသွားလာနိုင်ခြင်းမရှိတော့ဘဲ ပြတ်တောက်သွားခဲ့ရသည်။ ယခုအခါ တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့ပြီး နယ်မြေစိုးမိုးမှုပြန်လည်ရရှိခဲ့ခြင်း၊ ပျက်စီးသွားသည့် လမ်းတံတားများကို ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေများဖြင့် ပြန်လည်ပြုပြင်ပြီးစီးခြင်းကြောင့် ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဘားအံ - ကော့ကရိတ် - မြဝတီ လမ်းကြောင်းကဲ့သို့ပင် ပြန်လည်ပြုပြင်ဖွင့်လှစ်ရန် ကျန်ရှိနေသည့် လမ်းမကြီးများရှိနေရာ တပ်မတော်နှင့်ဒေသခံပြည်သူများပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားများကို ရှင်းလင်းဖယ်ရှားကာ ဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝများ ကောင်းမွန်ရေးအတွက် ဝိုင်းဝန်းတည်ဆောက်ကြရပါမည့် အကြောင်း။ ။
